နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အနုပဿနာ (၄) ပါး
အနုပဿနာ (၄) ပါး = သတိပဋ္ဌာန် (၄) ပါးသို့ သက်ဝင်ပုံ
၁။ ထိုသို့ ဝိပဿနာ ရှုရာ၌ ရုပ်သက်သက်ကို ပဓာနထား၍ ဦးစားပေး၍ ဝိပဿနာရှုပြီးမှ နာမ်ကိုလည်း ဆက်လက်၍ ဝိပဿနာရှုခဲ့သော် ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားနေသည် မည်၏၊
၂။ တစ်ဖန် နာမ်တရားတို့ကို ဝိပဿနာ ရှုရာ၌ ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်း စသည်တို့တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ဝေဒနာနုပဿနာစသည့် သတိပဋ္ဌာန်သုံးမျိုးတို့ကို ပွားများအားထုတ်တော့မည့် ယောဂါဝစရပုဂ္ဂိုလ်သည် - သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ = အကျဉ်းနည်းအားဖြင့်သော်လည်းကောင်း, အကျယ်နည်းအားဖြင့်သော် လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရမည်[မှတ်စု ၁] – ဟူသော စည်းကမ်းသတ်မှတ်ချက်နှင့် အညီ ဝေဒနာဦးဆောင်သည့် နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို ပူးတွဲသိမ်းဆည်းရ၏၊ ထိုသို့ သိမ်းဆည်းပြီးပါမှ ဝေဒနာကို ဦးစားပေး သိမ်းဆည်းလျက် နာမ်တရားတို့ကို ဝိပဿနာရှုခဲ့သော် ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ပွားနေသည် မည်၏၊ ရှုကွက်မှာ ..
(က) ဝတ္ထု (ခ) အာရုံ (ဂ) ဝေဒနာ (= ဝေဒနာဦးဆောင်သည့် နာမ်တရားအားလုံး) ဖြစ်သည်။
(က) ဝတ္ထု – ဖြစ်ပျက် – အနိစ္စ, (ခ) အာရုံ – ဖြစ်ပျက် – အနိစ္စ, (ဂ) ဝေဒနာ – ဖြစ်ပျက် – အနိစ္စ..
ဤသို့ စသည်ဖြင့် .. အာယတနဒွါရအလိုက် သိမ်းဆည်းထားသော ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း, စွမ်းနိုင်သမျှ ဘဝင်စိတ္တက္ခဏတို့၌လည်းကောင်း (၃)ချက်စီရှုရန် ဖြစ်သည်။ ထိုသို့ ရှုရာ၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယား များတွင် တင်ပြခဲ့သည့်အတိုင်း အတန်းလုံးပေါက် (= ပဉ္စဒွါရာဝဇ္ဇန်းမှသည် မနောဒွါရဝီထိတဒါရုံသို့တိုင်အောင်) တိုးလျှိုပေါက် –– စိတ္တက္ခဏတိုင်း၏ ..
(က) မှီရာဝတ္ထုရုပ်သက်သက်ကိုလည်းကောင်း,
( ခ ) အာရုံရုပ်သက်သက်ကိုလည်းကောင်း,
( ဂ ) ဝေဒနာ (ဦးဆောင်သည့် နာမ်တရား)သက်သက်ကိုလည်းကောင်း ..
ဖြစ်ပျက်ကို မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။ ဒုက္ခ အနတ္တ လက္ခဏာယာဉ်တင်၍လည်း နည်းတူ ရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ဉာဏ်ရှိသလို ချဲ့ထွင်၍ ရှုလေ။
၃။ တစ်ဖန် နာမ်ကမ္မဋ္ဌာန်းသိမ်းဆည်းနည်း သုံးနည်းတို့တွင် အသိစိတ် ဝိညာဏ်ကို ဦးစားပေးကာ နာမ်တရားတို့ကို သိမ်းဆည်းပြီးလျှင် ဝိပဿနာရှုခဲ့သော် စိတ္တာနုပဿနာသတိပဋ္ဌာန်ကို ပွားနေသည် မည်၏၊ ရှုကွက်မှာ .. (က) ဝတ္ထု (ခ) အာရုံ (ဂ) ဝိညာဏ် – ဖြစ်သည်။
(အသိစိတ် ဝိညာဏ်ဦးဆောင်သည့် နာမ်တရားအားလုံးကို သိမ်းဆည်းလျက် ဝိပဿနာရှုရန် ဖြစ်သည်။)
၄။ တစ်ဖန် နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ ဖဿ (စေတနာ)ကို ဦးစားပေးလျက် နာမ်တရားတို့ကို သိမ်းဆည်း ပြီးလျှင် ဝိပဿနာရှုပွားခဲ့သော် ဓမ္မာနုပဿနာသတိပဋ္ဌာန်ကို ပွားများနေသည် မည်၏၊ ရှုကွက်မှာ ..
(က) ဝတ္ထု (ခ) အာရုံ (ဂ) ဖဿ - ဖြစ်သည်။ (ဖဿဦးဆောင်သည့် နာမ်တရားအားလုံး ဖြစ်သည်။) ဤတရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။
တစ်နည်း – ရုပ်တရား နာမ်တရားတို့ကို ရုပ်နာမ်နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ ဝိပဿနာ ရှုရာဝယ်, ရုပ်တရားကို ဝိပဿနာရှုပြီးနောက် နာမ်တရားကို ဝိပဿနာရှုသောအခါ ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုသော် ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုသော် စိတ္တာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ ဖဿကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုသော် ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ တစ်ဖန် ..
၁။ ရုပ်-နာမ်တို့ကို (၅)ပုံ ပုံ၍ ခန္ဓာငါးပါးနည်းဖြင့်,
၂။ ရုပ်-နာမ်တို့ကို (၁၂)ပုံ ပုံ၍ အာယတန (၁၂)ပါးနည်းဖြင့်,
၃။ ရုပ်-နာမ်တို့ကို (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါးနည်းဖြင့်,
၄။ ရုပ်-နာမ်တို့ကို အင်္ဂါ (၁၂)ရပ်ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်,
၅။ နီဝရဏ (၅)ပါးနည်းဖြင့်,
၆။ ဗောဇ္ဈင် (၇)ပါးနည်းဖြင့်,
၇။ ဒုက္ခသစ္စာ သမုဒယသစ္စာဟု (၂)ပုံ ပုံ၍ သစ္စာဒေသနာနည်းဖြင့် ..
ဤသို့စသည့် နည်းတို့ဖြင့် ဝိပဿနာရှုလျှင်လည်း ဓမ္မာနုပဿနာသတိပဋ္ဌာန်ကိုပင် ပွားနေသည် မည်ပေသည်။
- ↑ (မ၊ဋ္ဌ၊၁၊၂၈၀။)