ဗောဓိရာဇကုမာရဝတ္ထု
အတ္တဝဂ်
၁။ ဗောဓိမင်းသားဝတ္ထု
အတ္တာနဉ္စေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဘေသကဠမည်သော ပဲစင်းခုန်တော၌ နေတော်မူစဉ် ဗောဓိမင်းသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
လက်သမားသတ်ရန် ဗောဓိမင်းသား ကြံပုံ
ထိုဗောဓိမင်းသားသည် မြေအပြင်၌ တစ်ပါးသောပြာသာဒ်တို့နှင့် မတူသော သဘောရှိသော ပြာသာဒ်ကို ဆောက်လုပ်စေ၍ လက်သမားကို “သင်သည် တစ်ပါးသော အရပ်၌လည်း ဤသို့သဘောရှိသော ပြာသာဒ်ကို ဆောက်လုပ်ဖူးသလော။ ထိုသို့မဟုတ် သင် ဤသို့ ဆောက်လုပ်ခြင်းသည် ရှေးဦးစွာပြုအပ်သော လက်မှုအတတ်သာလျှင်လော”ဟု မေးမြန်းလေသတတ်၊ “အရှင်မင်းသား- ရှေးဦးစွာပြုအပ်သော လက်မှုအတတ်သာလျှင် ဖြစ်ပါသည်”ဟု လျှောက်တင်လတ်သည်ရှိသော် ဗောဓိမင်းသားသည် “ဤလက်သမားကား သူတစ်ပါးအလို့ငှာလည်း ဤသို့သဘောရှိသော ပြာသာဒ်ကို အကယ်၍ ဆောက်လုပ်သည်ဖြစ်အံ့၊ ဤပြသာဒ်သည် အံ့သြဖွယ် မရှိသည်ဖြစ်လတ္တံ့။ ဤလက်သမားကို ငါသည် သတ်ခြင်းငှာလည်းကောင်း၊ လက်သမား၏ လက်,ခြေတို့ကို ဖြတ်ခြင်းငှာလည်းကောင်း၊ မျက်စိတို့ကို ထုတ်ပစ်ခြင်းငှာလည်းကောင်း သင့်၏။ ဤသို့ ပြုသည်ရှိသော် သူတစ်ပါး အလို့ငှာ ပြာသာဒ်ကို မဆောက်လုပ်နိုင်လတ္တံ့”ဟု ကြံလေ၏။ ထိုဗောဓိမင်းသားသည် ထိုအကြောင်းကို မိမိ၏ ချစ်လှစွာသော အဆွေခင်ပွန်း သဉ္ဇီဝကပုတ္တ အမည်ရှိသော လုလင်အား ပြောကြားလေ၏။ ထိုလုလင်သည် “ဤဗောဓိမင်းသားကား လက်သမားကို ယုံမှားမရှိ ဖျက်ဆီးလတ္တံ့၊ အဖိုးများစွာထိုက်သော အတတ်ရှိသူသည် ငါမြင်သိလျက် မပျက်စီးပါစေလင့်၊ ထိုလက်သမားအား အမှတ်သညာကို ပေးအံ့”ဟု ကြံလေ၏။ ထိုသဉ္ဇီဝကပုတ္တလုလင်သည် လက်သမားထံ ချဉ်းကပ်၍ “ပြာသာဒ်၌ သင်ပြုဖွယ်ကိစ္စ ပြီးပြီလော၊ မပြီးသေးလော”ဟု မေးသဖြင့် “ပြီးပါပြီ”ဟု ဆိုလတ်သော် “မင်းသားသည် သင့်ကို ဖျက်ဆီးလို၏၊ မိမိကိုယ်ကို စောင့်ရှောက်လော့”ဟု ဆိုလေ၏။ လက်သမားသည်လည်း “အရှင်သဉ္ဇီဝကပုတ္တ- အသင်သည် အကျွန်ုပ်အား ပြောကြားသဖြင့် ကောင်းသောအမှုကို ပြုအပ်ပေ၏၊ အကျွန်ုပ်သည် ဤအရာ၌ ပြုစရာအမှုကို သိရပေအံ့”ဟု ပြောဆိုပြီးလျှင် “အချင်းလက်သမား- ငါတို့၏ပြာသာဒ်၌ ပြုအပ်သောအမှုသည် ပြီးပြီလော”ဟု မင်းသား မေးအပ်သည်ရှိသော် “အရှင်မင်းသား- မပြီးသေးပါ၊ များစွာကြွင်းကျန်ပါသေးသည်”ဟု လျှောက်ဆိုလေ၏၊ “အဘယ်မည်သောအမှုသည် ကြွင်းကျန်သေးသနည်း”ဟု မေးလတ်သည်ရှိသော် “အရှင်မင်းသာ- နောက်မှပြောကြားပါမည်။ သစ်တို့ကိုသာ ရှေးဦးစွာ ဆောင်စေပါဦးလော့”ဟု ဆိုလေ၏။ “အဘယ်မည်သော သစ်တို့ကို ဆောင်စေရအံ့နည်း”ဟု မေးလတ်သော် “အရှင်မင်းသား- အနှစ်မရှိကုန်သော ခြောက်သောသစ်တို့ကို ဆောင်ယူစေတော်မူပါ”ဟု ဆိုလေ၏။ ထိုဗောဓိမင်းသားလည်း ဆောင်စေ၍ ပေး၏။
ကောင်းကင်ပျံငှက်ရုပ်ဖြင့် လက်သမား ထွက်ပြေးခြင်း
ထိုအခါ ဗောဓိမင်းသားကို “အရှင်မင်းသား- ဤနေ့မှစ၍ အကျွန်ုပ်၏အထံသို့ မလာသင့်ပါ၊ အဘယ့်ကြောင့်နည်းဟူမူကား၊ သိမ်မွေ့နူးညံ့သော (ပန်းခြူးနွယ်စသော) အမှုကို ပြုလုပ်စဉ် သူတစ်ပါးတို့နှင့်တကွ စကားပြောရသည်ရှိသော် ပြုဖွယ်အမှုကိစ္စ ပျံ့လွင့်တတ်ပါသည်။ ထမင်းစားရန်အခါ၌ကား အကျွန်ုပ်၏မယားသည်သာလျှင် ထမင်းကို ဆောင်ပို့လာပါလိမ့်မည်”ဟု လျှောက်ဆိုလေ၏။ မင်းသားလည်း “ကောင်းပြီ”ဟု ဝန်ခံလေ၏။ ထိုလက်သမားသည်လည်း တစ်ခုသော တိုက်ခန်းတွင်း၌နေလျက် ထိုသစ်တို့ကို ရွေသဖြင့် မိမိသားမယား အတွင်း၌နေခြင်းငှာလောက်သော ဂဠုန်ငှက်ရုပ်ကို ပြုလုပ်ပြီးလျှင် ထမင်းစားရန်အချိန်၌ မယားကို “အိမ်၌ ထင်ရှားရှိသော အလုံးစုံသော ဥစ္စာကို ရောင်းချ၍ ရွှေငွေကိုယူခဲ့”ဟု မှာကြားပြောဆိုလေ၏။ မင်းသားသည်လည်း လက်သမား ထွက်မသွားနိုင်စိမ့်သောအကျိုးငှာ အိမ်ကိုဝန်းရံစေ၍ အစောင့်အရှောက်ကို ထားလေ၏။ လက်သမားသည်လည်း ငှက်ရုပ်ပြီးသောကာလ “ယနေ့ အလုံးစုံသော သားငယ်သမီးငယ်တို့ကိုလည်း ခေါ်၍ လာလော့”ဟု မယားကို ဆိုလျှင် နံနက်စာ စားပြီးလတ်သည်ရှိသော် သားမယားကို ငှက်ရုပ်၏ဝမ်းတွင်း၌ နေစေလျက် လေသာပြတင်းပေါက်ဖြင့်ထွက်၍ ပြေးလေ၏။ အစောင့်အရှောက်တို့က “အရှင်မင်းသား- လက်သမား ထွက်ပြေးပါပြီ”ဟု ကြွေးကြော်ကြကုန်စဉ်သာလျှင် ထိုလက်သမားသည်သွား၍ ဟိမဝန္တာ၌ သက်ဆင်းသဖြင့် မြို့တစ်ခု ဖန်ဆင်းတည်ထောင်ခြင်းကြောင့် ကဋ္ဌဝါဟနအမည်ရှိသော မင်းသည် ဖြစ်လေ၏။
ပုဆိုးအခင်း ဘုရားရှင် နင်းတော်မမူ
ဗောဓိမင်းသားသည်လည်း “ပြာသာဒ်ပူဇော်ခြင်းကို ပြုလုပ်ဦးအံ့”ဟု မြတ်စွာဘုရားကို ပင့်ဖိတ်၍ ပြာသာဒ်၌ ကုင်္ကမံ, လေးညင်းပွင့်, တောင်ဇလပ်, ကမျည်းဟူသော လေးပါးသော နံ့သာမျိုးတို့ဖြင့် လိမ်းကျံသည်ကို ပြုပြီးလျှင် ရှေးဦးစွာ တံခါးခုံမှစ၍ ပုဆိုးအခင်းကို ဖြန့်ခင်းလေ၏၊ ဗောဓိမင်းသားကား သားသမီးမရှိသတတ်၊ ထို့ကြောင့် “ငါသည် သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း အကယ်၍ ရမည်ဖြစ်ခဲ့အံ့၊ မြတ်စွာဘုရားသည် ဤပုဆိုးအခင်းကို နင်းတော်မူလတ္တံ့”ဟု ကြံ၍ ဖြန့်ခင်းလေ၏။ ထိုမင်းသားသည် မြတ်စွာဘုရား ကြွလာသည်ရှိသော် ဘုရားရှင်ကို ငါးပါးသော တည်ခြင်းဖြင့် ရှိခိုး၍ သပိတ်ကို ယူပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဝင်တော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် ဝင်တော်မမူ။ ထိုဗောဓိမင်းသားသည် နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း တောင်းပန်ပြန်လေ၏။ ဘုရားရှင်သည် ဝင်တော်မမူဘဲသာလျှင် ရှင်အာနန္ဒာကို ကြည့်ရှုတော်မူလေ၏။ ရှင်အာနန္ဒာမထေရ်လည်း ကြည့်တော်မူသော အမှတ်ဖြင့်သာလျှင် “မြတ်စွာဘုရား- နင်းတော်မမူလိုသည့် အဖြစ်ကို သိရသဖြင့် ဗောဓိမင်းသားကို ဒကာတော် မင်းသား- ပုဆိုးတို့ကို ရုပ်သိမ်းလော့၊ မြတ်စွာဘုရားသည် ပုဆိုးအခင်းကို နင်းတော်မမူလတ္တံ့၊ နောင်လာသူ အပေါင်းကို ဘုရားရှင်သည် ကြည့်ရှုတော်မူ၏”ဟု ဆို၍ ပုဆိုးတို့ကို ရုပ်သိမ်းစေတော်မူလေ၏။ ဗောဓိမင်းသားလည်း ပုဆိုးတို့ကို ရုပ်သိမ်းစေပြီးလျှင် ဘုရားရှင်ကို အိမ်တွင်းသို့ပင့်သွားသဖြင့် ယာဂုခဲဖွယ်ဖြင့် ကောင်းစွာ အမြတ်တနိုးပြု၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေလျက် ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်သည် ရှင်တော်မြတ်ဘုရားတို့အား ကျေးဇူးများသော ဒါယကာ ဖြစ်ပါသည်ဘုရား၊ ကိုးကွယ်ဆည်းကပ်ခြင်းသို့ သုံးကြိမ်ရောက်သောသူ ဖြစ်ပါသည်ဘုရား၊ အမိဝမ်း၌တည်လျက်သော်လည်း ကိုးကွယ်ဆည်းကပ်ခြင်းသို့ တစ်ကြိမ်ရောက်သူ ဖြစ်ဖူးပါသတတ်၊ ငယ်ရွယ်သော သတို့သားဖြစ်သောကာလ၌ နှစ်ကြိမ်မြောက်၊ သိကြားလိမ္မာသည့်အဖြစ်သို့ ရောက်သောကာလ၌ သုံးကြိမ်မြောက် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ပါသည်ဘုရား။ ထိုတပည့်တော်၏ပုဆိုးအခင်းကို အဘယ့်ကြောင့် နန်းတော်မမူပါသနည်းဘုရား”ဟု လျှောက်ကြားလေ၏။ “မင်းသား- သင်သည် အဘယ်သို့ ကြံစည်၍ ပုဆိုးတို့ကို ခင်းလေဘိသနည်း”ဟု မေးလတ်သော် “မြတ်စွာဘုရား- သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း အကယ်၍ ရမည်ဖြစ်ပါအံ့၊ ဘုရားရှင်သည် ငါ၏ပုဆိုးအခင်းကို နင်းတော်မူလတ္တံ့ဟူ၍ ကြံစည်ပြီး ခင်းပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ထို့ကြောင့်သာလျှင် ငါဘုရားသည် နင်းတော်မမူလေသတည်း”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အသို့ပါနည်း၊ တပည့်တော်သည် သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း မရနိုင်ကောင်းပါသလောဘုရား”ဟု လျှောက်ကြားလေ၏။ “မင်းသား- မရနိုင်ကောင်းလတ္တံ့”ဟု မိန့်တော်မူလတ်သော် “အဘယ့်ကြောင့်ပါနည်း ဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ရှေးဖြစ်သော ကိုယ်အဖြစ်၌ မယားနှင့်အတူတကွ မေ့လျော့ခြင်းသို့ ရောက်သောကြောင့်တည်း”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အဘယ်သောကာလ၌ မေ့လျော့ခြင်းသို့ ရောက်ခဲ့ပါသနည်းဘုရား”ဟု လျှောက်ပြန်လေ၏။ ထိုအခါ ဗောဓိမင်းသားအား ဘုရားရှင်သည် လွန်လေပြီးသော အကြောင်းကိုဆောင်၍ ဟောကြားတော်မူလေ၏။
ဗောဓိမင်းသား၏အတိတ်
လွန်လေပြီးသောအခါ အရာမက များစွာကုန်သော လူတို့သည် ကြီးစွာသော လှေသင်္ဘောဖြင့် သမုဒ္ဒရာသို့ လွှင့်ကြလေကုန်၏။ လှေသင်္ဘောသည် သမုဒ္ဒရာအလယ်၌ ပျက်ခဲ့လေ၏။ နှစ်ဦးကုန်သော လင်မယားဖြစ်သော သူတို့သည် တစ်ခုသောပျဉ်ချပ်ကို ယူပြီးလျှင် သမုဒ္ဒရာရေလယ်ကျွန်းသို့ သက်ဝင်ကြလေကုန်၏။ ကြွင်းသော အလုံးစုံသော သူတို့သည် ထိုသင်္ဘောပျက်ရာ သမုဒ္ဒရာ၌သာလျှင် သေရှာကြရလေကုန်၏။ ထိုကျွန်း၌ကား များစွာသော ငှက်အပေါင်းသည် နေလေ၏။ ထိုလင်မယား နှစ်ယောက်တို့သည် တစ်ပါးသော စားစရာကို မမြင်မတွေ့ရသဖြင့် ဆာလောင်သော သဘောရှိသောကြောင့် ငှက်ဥတို့ကို မီးကျီးခဲတို့၌ ဖုတ်ကင်ကာ စားကြကုန်၏။ ထိုငှက်ဥတို့ မလောက်ကုန်သည်ရှိသော် ငှက်ငယ်တို့ကိုဖမ်း၍ စားကြလေကုန်၏။ ဤသို့လျှင် ပထမအရွယ်၌လည်းကောင်း၊ မဇ္ဈိမအရွယ်၌လည်းကောင်း၊ ပစ္ဆိမအရွယ်၌လည်းကောင်း စားကြကုန်သည်သာလျှင်တည်း။ တစ်ခုသောအရွယ်၌လည်း မမေ့မလျော့ခြင်းသို့ မရောက်ကြလေကုန်။ ထိုသူနှစ်ယောက်တို့တွင် တစ်ယောက်မျှလည်း မမေ့မလျော့ခြင်းသို့ မရောက်ရှာလေသတည်း။ မြတ်စွာဘုရားသည် ထိုဗောဓိမင်းသား၏ ဤသို့သော ရှေးမကောင်းမှုကို ဟောပြပြီးလျှင် “မင်းသား- သင်သည် ထိုအခါ၌ တစ်ခုသောအရွယ်၌ပင် မယားနှင့်တကွ မမေ့မလျော့ခြင်းသို့ အကယ်၍ ရောက်သည်ဖြစ်အံ့၊ တစ်ခုသောအရွယ်၌ပင် သားသည်လည်းကောင်း၊ သမီးသည်လည်းကောင်း ဖြစ်ထွန်းလေရာ၏။ သင်တို့တွင် တစ်ယောက်သော သူသည်လည်း မမေ့မလျော့ အကယ်၍ ဖြစ်ငြားအံ့၊ ထိုမမေ့မလျော့သော သူကိုစွဲ၍ သားသည်လည်းလောင်း၊ သမီးသည်လည်းကောင်း ဖြစ်ထွန်းလေရာ၏။ မင်းသား- မိမိကိုယ်ကို ချစ်မြတ်နိုးအပ်၏ဟု အောက်မေ့ မှတ်ထင်သောသူသည် သုံးပါးသောအရွယ်တို့၌ပင် မမေ့မလျော့ခြင်းဖြင့် ကိုယ်ကို စောင့်ရှောက်အပ်၏။ ဤသို့ အရွယ်သုံးပါးလုံး၌ စောင့်ရှောက်ခြင်းငှာ မတတ်နိုင်သောသူသည် တစ်ခုသောအရွယ်၌လည်း စောင့်ရှောက်အပ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
တိဏ္ဏံ အညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော။
အတ္တာနံ၊ မိမိကိုယ်ကို။ ပိယံ၊ ချစ်ခင်မြတ်နိုးအပ်၏ဟူ၍။ စေ ဇညာ၊ အကယ်၍ သိငြားအံ့။ ဧဝံ သတိ၊ ဤသို့ သိသည်ရှိသော်။ နံ၊ ထိုကိုယ်ကို။ သုရက္ခိတံ၊ ကောင်းစွာ စောင့်ရှောက်ရာကျအောင်။ ရက္ခေယျ၊ အရွယ်သုံးပါးလုံး စောင့်ရှောက်ရာ၏။ အသက္ကောန္တော၊ မတတ်နိုင်သည်ရှိသော်။ တိဏ္ဏံ အညတရံ ယာမံ၊ ညဉ့်သုံးယာမ်တို့တွင် တယာမ်ယာမ်၌။ (ဤကား တင်စား၍ ဆိုအပ်သော အလိုမရှိအပ်သော အနက်တည်း)။ တိဏ္ဏံ အညတရံ ယာမံ၊ အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌။ (ဤကား အလိုရှိအပ်သော အနက်တည်း)။ ပဏ္ဍိတော၊ ပညာရှိသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဋိဇဂ္ဂေယျ၊ သုတ်သင်ရာ၏။
ဒေသနာတော်၌ မှတ်ဖွယ်
ဤသို့ အရွယ်သုံးပါးလုံး၌ စောင့်ရှောက်ခြင်းငှာ မတတ်နိုင်သည်ရှိသော် တစ်ပါးပါးသောအရွယ်၌ ရှင်းလင်းအောင် သုတ်သင်ရမည်၊ လူဖြစ်သောသူသည် ပထမအရွယ်၌ မြူးထူးပျော်ပါးလေ့ရှိခြင်းကြောင့် ကုသိုလ်မပြုနိုင်ခဲ့မူ မဇ္ဈိမအရွယ်၌ မမေ့မလျော့ပြုအပ်၏၊ မဇ္ဈိမအရွယ်၌ သားမယား ကျွေးမွေးရေးကြောင့် မပြုနိုင်ခဲ့မူ ပစ္ဆိမအရွယ်၌ ပြုရမည်သာတည်း၊ ဤသို့လျှင် လူဖြစ်သောသူသည် ကိုယ်ကို ရှင်းလင်းအောင် သုတ်သင်အပ်၏၊ ထိုသို့ မပြုနိုင်သူအား မိမိကိုယ်ကို ချစ်မြတ်နိုးသည် မမည်၊ အပါယ်ရောက်အောင် ပြုလုပ်ခြင်းသာ ဖြစ်၏။
ရဟန်းဖြစ်သောသူသည် ပထမအရွယ်၌ စာပေသင်ကြား သရဇ္ဈာယ်ရခြင်းကြောင့် ဝတ်အကျင့် မေ့လျော့ခဲ့အံ့၊ မဇ္ဈိမအရွယ်၌ မမေ့မလျော့ ရဟန်းတရား အားထုတ်အပ်၏၊ ပထမအရွယ်၌ သင်ယူခဲ့သော ပရိယတ်၏ အနက်အဓိပ္ပာယ်၏ အဆုံးအဖြတ် အကြောင်းဟုတ်,မဟုတ်တို့ကို မေးမြန်းရပြန်သဖြင့် မဇ္ဈိမအရွယ်၌ မေ့လျော့ခဲ့အံ့၊ ပစ္ဆိမအရွယ်၌ မမေ့မလျော့ ရဟန်းတရား အားထုတ်ရမည်သာတည်း။ ဤသို့လျှင် ရဟန်းဖြစ်သောသူသည် ကိုယ်ကို ရှင်းလင်းအောင် သုတ်သင်အပ်၏၊ ထိုသို့ မပြုနိုင်သော ရဟန်းအား မိမိကိုယ်ကို ချစ်ခင်မြတ်နိုးသည်မမည်၊ နောင်အခါ ပူပန်ခြင်းဖြင့်သာလျှင် မိမိကိုယ်ကို ပူလောင်စေသည် မည်၏ဟူလို)
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ ဗောဓိမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။