ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု

4445ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၂။ ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

အတ္တဝဂ်

၂။ သာကီဝင်မင်းသား ဥပနန္ဒမထေရ်ဝတ္ထု

အတ္တာနမေဝ ပဌမံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာကီဝင်မင်းသားဖြစ်သော ရှင်ဥပနန္ဒကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားဟောကောင်းလျက် လောဘကြီးသူ

ထိုဥပနန္ဒမထေရ်သည် တရားစကားကို ဟောပြောခြင်းငှာ လိမ္မာလှပေသတတ်၊ ထိုမထေရ်၏ အလိုနည်းခြင်း အစရှိသည်နှင့်ယှဉ်သော တရားစကားကို ကြားနာရသဖြင့် များစွာကုန်သော ရဟန်းတို့သည် ရှင်ဥပနန္ဒကို သင်္ကန်းတို့ဖြင့်ပူဇော်၍ ဓုတင်တို့ကို ဆောက်တည်ကြလေကုန်၏၊ ထိုရဟန်းတို့ စွန့်အပ်သော ပရိက္ခရာတို့ကို ရှင်ဥပနန္ဒသည်သာလျှင် ယူလေ၏။ ထိုရှင်ဥပနန္ဒသည် တစ်ခုသော ဝါတွင်းကာလ နီးကပ်လတ်သော် ဇနပုဒ်သို့ သွားလေ၏။ ထိုအခါ ထိုရှင်ဥပနန္ဒကို တစ်ခုသောကျောင်း၌ ရဟန်းငယ်နှင့် သာမဏေတို့သည် တရားဟောပုဂ္ဂိုလ်ဟု ချစ်ကြည်မြတ်နိုးသဖြင့် “အရှင်ဘုရား- ဤကျောင်း၌ ဝါကပ်တော်မူကြပါဘုရား”ဟု လျှောက်ကြားကြလျှင် “ဤကျောင်း၌ အဘယ်မျှလောက် ဝါဆိုသင်္ကန်း ရအပ်သနည်း”ဟု မေးလေ၏။ ထိုရဟန်းငယ်နှင့် သာမဏေတို့လည်း “တစ်ပါး တစ်ထည်စီသော အဝတ်ကို ရအပ်ပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် ထိုကျောင်း၌ ဖိနပ်ကိုထားခဲ့၍ တစ်ပါးသောကျောင်းသို့ သွားပြန်၏။ နှစ်ခုမြောက်သော ကျောင်းသို့ရောက်၍ “ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်း”ဟု မေးသဖြင့် “နှစ်ထည်သော အဝတ်တို့ကို ရအပ်၏”ဟု ဆိုသည်ရှိသော် ထိုကျောင်း၌ တောင်ဝှေးကို ထားခဲ့လေ၏။ သုံးခုမြောက်သော ကျောင်းသို့ရောက်၍ “ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်း”ဟု မေးပြန်လေ၏။ “သုံးထည်သောအဝတ်တို့ကို ရအပ်ကုန်၏”ဟု ဆိုသည်ရှိသော် ထိုကျောင်း၌ ရေဘူးကို ထားခဲ့လေ၏။ လေးခုမြောက်သော ကျောင်းသို့ရောက်၍ “ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်း”ဟု မေးသဖြင့် “လေးထည်သောအဝတ်တို့ကို ရအပ်ကုန်၏”ဟု ဆိုသည်ရှိသော် “ကောင်းပြီ ဤကျောင်း၌ နေတော့အံ့”ဟု ဝန်ခံသဖြင့် ထိုကျောင်း၌ ဝါကပ်၍ လူတို့အားလည်းကောင်း၊ ရဟန်းတို့အားလည်းကောင်း တရားစကားကို ဟောကြားတော်မူလေ၏။ ထိုလူရှင်ရဟန်းတို့သည် ရှင်ဥပနန္ဒကို များစွာကုန်သော အဝတ်တို့ဖြင့်လည်းကောင်း သင်္ကန်းတို့ဖြင့်လည်းကောင်း ပူဇော်ကြလေကုန်၏။

ထိုဥပနန္ဒသည် ဝါကျွတ်လတ်သည်ရှိသော် “ဤမှတစ်ပါးသော ကျောင်းတို့သို့လည်း ငါသည် ပရိက္ခရာကို ထားအပ်သည်အဖြစ်ကြောင့် ဝါဆိုသင်္ကန်းကို ရထိုက်၏။ သင်တို့ ပို့လာကြကုန်လော့”ဟု သတင်းစကား စေလွှတ်သဖြင့် အလုံးစုံ ဝါဆိုသင်္ကန်းကို ဆောင်ယူစေပြီးလျှင် လှည်းကို အပြည့်တင်၍ ထွက်ခွာသွားလေ၏။ ထိုအခါ တစ်ခုသော ကျောင်း၌ ရဟန်းငယ်နှစ်ပါးတို့သည် ပုဆိုးအဝတ် နှစ်ထည်တို့ကိုလည်းကောင်း၊ ကမ္ဗလာတစ်ထည်ကိုလည်းကောင်း ရကြ၍ “အရှင့်အတွက် အဝတ်နှစ်ထည်တို့သည် ဖြစ်စေကုန်သတည်း။ တပည့်တော်အတွက်ကား ကမ္ဗလာတစ်ထည်သာ ဖြစ်ပါစေ”ဟု တစ်သံတည်း ဆိုကြသဖြင့် ခွဲဝေခြင်းငှာ မတတ်နိုင်ကုန်ရကား လမ်းခရီးအနီး၌ နေထိုင်လျက် ငြင်းခုံကြကုန်၏။ ထိုရဟန်းငယ် နှစ်ပါးတို့သည် ထိုရှင်ဥပနန္ဒမထေရ် ကြွလာသည်ကို မြင်ရလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် တပည့်တော်တို့အား ခွဲဝေ၍ပေးတော်မူကြပါဘုရား”ဟု လျှောက်ဆိုကြလေကုန်၏၊ “သင်တို့သည်သာလျှင် ခွဲဝေ၍ပေးကြကုန်လော့”ဟု ဆိုလတ်သော် “အရှင်ဘုရား- မတတ်နိုင်ကြပါ၊ အရှင်ဘုရားတို့သည် တပည့်တော်တို့အား ဝေဖန်၍ ပေးတော်မူကြပါဘုရား”ဟု ဆိုကြလေကုန်၏၊ “ထိုသို့ဖြစ်မူ ငါ၏စကား၌ တည်နိုင်ကြကုန်အံ့လော”ဟု ဆိုသော် “တည်ကြပါမည်ဘုရား”ဟု ဝန်ခံကြကုန်၏၊ “ထိုသို့ဖြစ်မူ ကောင်းပြီ”ဟု ဆိုသဖြင့် ထိုရဟန်းနှစ်ဦးတို့အား ပုဆိုးအဝတ်နှစ်ထည်ကို ဝေပေးပြီးလျှင် “ဤကမ္ဗလာသည်ကား တရားစကား ပြောကြားဆုံးဖြတ်ကြကုန်သော ငါတို့အား ရုံခြင်းငှာ ထိုက်၏”ဟု ဆိုတဲ့၍ အဖိုးများစွာထိုက်သော ကမ္ဗလာကိုယူကာ ဖဲသွားလေ၏။ ရဟန်းငယ်တို့သည် နှလုံးမသာမယာရှိကြကုန်သည်ဖြစ်၍ ဘုရားရှင်၏အထံတော်သို့ သွားပြီးလျှင် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် “ချစ်သား ရဟန်းတို့- ယခုသာလျှင် သင်တို့၏ ဥစ္စာကိုယူ၍ သင်တို့ကို နှလုံးမသာခြင်းရှိအောင် ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

မြေခွေးတရားသူကြီးနှင့် ဖျံနှစ်ကောင်

လွန်လေပြီးသောအခါ ရေတိမ်ရာ မြစ်ကမ်းနား၌ ကျက်စားခြင်းကြောင့် အနုတီရစာရီမည်သော ဖျံလည်းကောင်း၊ ရေနက်ရာ၌ ကျက်စားခြင်းကြောင့် ဂမ္ဘီရစာရီမည်သော ဖျံလည်းကောင်း၊ ဤသို့ နှစ်ကောင်သော ဖျံတို့သည် ကြီးစွာသော ငါးကြင်းကို ရကြ၍ “ငါ့အတွက် ခေါင်းပိုင်း ဖြစ်ပါစေလော့၊ သင့်အတွက် အမြီးပိုင်း ဖြစ်ပါစေလော့”ဟု ငြင်းခုံခြင်းသို့ ရောက်ကြကုန်လျက် ခွဲဝေယူခြင်းငှာ မတတ်နိုင်ကုန်ရကား မြေခွေးတစ်ကောင်ကို မြင်ရလျှင် “ဦးရီး- ဤငါးကြင်းကို အကျွန်ုပ်တို့အား ခွဲဝေ၍ ပေးပါ”ဟု ပြောဆိုလေ၏။ “ပြည့်ရှင်မင်းကြီးသည် ငါ့ကို တရားဆုံးဖြတ်ရာဌာန၌ ထားအပ်၏၊ ထိုဌာန၌ ကြာမြင့်စွာ နေထိုင်ရခြင်းကြောင့် သလုံးမြင်းခေါင်းဖြင့် နေရစိမ့်သောငှာ။ ဝါ၊ ကောင်းစွာ ဆောင်ရွက်စိမ့်သောငှာ လာသည်ဖြစ်ခဲ့၏။ ယခုအခါ ငါ့အား အားလပ်ခွင့်မရှိ”ဟု ဆိုလတ်သော် “ဦးရီးမြေခွေးမင်း- ဤသို့မပြုကြပါလင့်၊ ခွဲဝေ၍သာ ပေးသနားတော်မူကြပါ”ဟု တောင်းတောင်းပန်ပန် ပြောဆိုကြလေကုန်၏၊ “ငါ၏စကား၌ တည်နိုင်ကြကုန်အံ့လော”ဟု မေးလတ်သော် “ဦးရီး- တည်ကြပါမည်”ဟု ဝန်ခံပြောဆိုကြလေကုန်၏။ “ထိုသို့ဖြစ်မူ ကောင်းပြီ”ဟု ဆို၍ မြေခွေးသည် ငါးခေါင်းကိုဖြတ်၍ တစ်ခုသောအရပ်၌ ထား၏။ ငါးအမြီးကို တစ်ခုသောအရပ်၌ ထားလေ၏၊ ထားပြီးလတ်သည်ရှိသော်ကား “အမောင်တို့- အကြင်ဖျံသည် မြစ်ကမ်းနား၌ ကျက်စား၏။ ထိုဖျံသည် အမြီးကို ယူစေသတည်း၊ အကြင်ဖျံသည် ရေနက်ရာ၌ ကျက်စား၏။ ထိုဖျံအား ငါးခေါင်းသည် ဖြစ်စေသတည်း၊ ဤအလယ်ပိုင်းသည်ကား တရားအဆုံးအဖြတ်၌တည်သော ငါ၏အတွက် ဖြစ်ပေလတ္တံ့”ဟု ဆို၍ ထိုဖျံနှစ်ကောင်တို့ကို သိသာစေလိုသည်ဖြစ်၍-

အနုတီရစာရီ နင်္ဂုဋ္ဌံ၊ သီသံ ဂမ္ဘီရစာရိနော။
အထာယံ မဇ္ဈိမော ခဏ္ဍော၊ ဓမ္မဋ္ဌဿ ဘဝိဿတိ။

အနုတီရစာရီ၊ အနုတီရစာရီမည်သော ဖျံသည်။ နင်္ဂုဋ္ဌံ၊ ငါးကြင်းမြီးကို။ ဂဏှာတု၊ ယူစေသတည်း။ ဂမ္ဘီရစာရိနော၊ ဂမ္ဘီရစာရီမည်သော ဖျံအား။ သီသံ၊ ငါးကြင်းဦးခေါင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ အထ၊ ထိုမှတစ်ပါး။ အယံ မဇ္ဈိမော ခဏ္ဍော၊ ဤအလယ်ပိုင်းသည်။ ဓမ္မဋ္ဌဿ၊ တရား၌ တည်သောသူ၏အလို့ငှာ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ဤဂါထာကို ရွတ်ဆိုပြီးလျှင် အလယ်ပိုင်းကို ကိုက်ချီလျက် ဖဲသွားလေ၏။ ထိုဖျံတို့သည်လည်း နှလုံးမသာယာခြင်း ရှိကုန်သည်ဖြစ်၍ ထိုမြေခွေးကို မျှော်ကြည့်လျက် ရပ်တည်နေကြရရှာကုန်၏။

မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ပြတော်မူ၍ “ဤသို့လျှင် ဤဥပနန္ဒသည် လွန်လေပြီးသော အခါ၌လည်း သင်တို့ကို နှလုံးမသာယာခြင်းရှိအောင် ပြုဖူးသည်သာလျှင်တည်း”ဟု ထိုရဟန်းတို့ကို သိစေတော်မူပြီးလျှင် ဥပနန္ဒကို ကဲ့ရဲ့တော်မူလိုသဖြင့် “ချစ်သားရဟန်းတို့- သူတစ်ပါးကို ဆုံးမသောသူမည်သည်ကား ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်တင့်လျောက်ပတ်ရာ၌ တည်စေအပ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၅၈] အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိဿေယျ ပဏ္ဍိတော။

အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ပဌမံ၊ ရှေးဦးစွာ။ ပတိရူပေ၊ သင့်တင့်သော ဂုဏ်သဘော၌။ နိဝေသယေ၊ သွင်းထားရာ၏။ အထ၊ ထို့နောက်မှ။ အညံ၊ သူတစ်ပါးကို။ အနုသာသေယျ၊ ဆုံးမရာ၏။ ပဏ္ဍိတော၊ ပညာရှိသော သူသည်။ န ကိလိဿေယျ၊ မညစ်နွမ်းစေရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုနှစ်ပါးသော ရဟန်းတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏၊ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သာကီဝင်မင်းသား ဥပနန္ဒမထေရ်ဝတ္ထု ပြီး၏။