လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/သောဓနာကဏ္ဍ (သဘာပတိဆရာတော်၏ မိန့်ကြားချက်)

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၃-၁။ သောဓနာကဏ္ဍ (သဘာပတိဆရာတော်၏ မိန့်ကြားချက်)
3149လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၃-၁။ သောဓနာကဏ္ဍ (သဘာပတိဆရာတော်၏ မိန့်ကြားချက်)သာသနာရေးဝန်ကြီးဌာန

သောဓန ကဏ္ဍ

စုဒိတကပုဂ္ဂိုလ်များအား သောဓနာမတင်မီ သဘာပတိဆရာတော် ဘုရားကြီး၏ ကြိုတင်သတိပေး မိန့်ကြားချက်

နေ့စွဲ။ ၈-၇-၈၁။

ယခုအချိန်ကစပြီး သီးခြားဝိနည်းဓိုရ် အမှတ်(၂) ရုံးကို ဖွင့်ပါပြီ။

တစ်နေ့က (၄-၇-၈၁ နေ့) စောဒကပုဂ္ဂိုလ်များ စောဒနာလွှာတင်သွင်းတဲ့ ကိစ္စပြီးနေပါပြီ၊ ယနေ့ စုဒိတကပုဂ္ဂိုလ်များ သောဓနာလွှာ (ချေပချက်) တင်သွင်းဖို့ အချိန်ရောက်ပါပြီ၊ အဲဒီ သောဓနာတင်သွင်းတဲ့ နေရာမှာ စောဒနာ တင်ထားတဲ့ ၂၁-ချက်နဲ့ မပတ်သက်တဲ့ စကားများပါနေရင် ဒီနေရာမှာ ထည့်သွင်းလျှောက်ထားခွင့်ရမှာ မဟုတ်ပါဘူး၊ စောဒနာ (၂၁)ချက်နှင့် ပတ်သက်တဲ့ ချေပလွှာများကို ဒီရုံးက လက်ခံမယ်လို့နဂိုက ရပ်တည်ချက်မှာ ကြေငြာပြီးသားဖြစ်ပါတယ်၊ အားလုံးနှလုံးသွင်းဖို့က ဒီကိစ္စဟာ သာသနာတော်တစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့ အင်မတန်အရေးကြီးပါတယ်၊ဒါကြောင့်အရှုံးအနိုင်ဟူ၍ သဘောမထားဘဲ အမှားအမှန် (ဓမ္မ အဓမ္မ)ဆုံးဖြတ်ဖို့ ဒို့ခံယူတာပဲလို့ နှလုံးသွင်းထားကြဖို့ ဘုန်းကြီးက မေတ္တာရပ်ခံ ကြိုတင်အသိပေးပါတယ်။

ဒါပြီး သောဓနာ(ချေပလွှာ)မှာ ပိဋကတ်တော်မှာ မပါဘဲနှင့်ပါတယ်လို့ အဲဒီလို တင်ပြလျှောက်ထားလို့ ရှိရင်လည်းပဲ အဲဒါကို ဘုန်းကြီးတို့ ဝိနည်းဓိုရ်များအနေနဲ့ ဖတ်ကြားတဲ့ ပုဂ္ဂိုလ်တွေကို အနည်းအကျဉ်းပြန်ပြီး မေးရပါလိမ့်မယ်၊ ဘယ်မှာပါတယ်ဆိုတာ(ပြပါလို့) မေးရပါလိမ့်မယ်၊ အင်မတန် အရေးကြီးသကိုး၊ ပိဋကတ်တော်မှာ မပါဘဲနှင့် ပါပါတယ်၊ ဒီအတိုင်းကူးယူထားပါတယ်၊ ကူးပြီးတော့ သောဓနာလွာမှာ တင်သွင်းထားပါတယ်လို့ မရှိဘဲနှင့် အရှိလုပ်ပြီးထားလို့ရှိရင်လည်း ဘုန်းကြီးတို့က ပြန်ပြီးမေးရလိမ့်မယ်၊ မပါဘဲနှင့် အပါလုပ်ပြီး၊ လျှောက်ထားချေပခဲ့လျှင် ဘယ်နေရာမှာ ပါတယ်ဆိုတာ အနည်းအကျဉ်း တစ်ခုနှစ်ခု စသည် မေးရလိမ့်မယ်၊ အချို့အချို့နေရာတိုင်းမှာလည်း ဘုန်းကြီးတို့ ဝိနည်းဓိုရ်ဆရာတော်များ ကြိုတင်ကြည့်ခွင့်မရဘူး၊ ရှာခွင့်မရဘူး၊ မရတဲ့အတွက် စုဒိတကပုဂ္ဂိုလ်တွေကို အခွင့်အရေးပေးတဲ့ အနေနဲ့ ဘုန်းကြီးတို့ ဖတ်ခွင့်ပြုမယ် ၂-ချက် ၃-ချက်တော့ မေးခွန်းမေးရလိမ့်မယ်၊ အဲဒါကို ကြိုတင် သတိပေးထားပါတယ်။

စုဒိတကပုဂ္ဂိုလ်များမှာလည်းပဲ ဘုန်းကြီးဦးဆန္ဒာဓိကရယ်၊ ဒကာကြီး သခင်မြတ်ဆိုင်ရယ်၊ ဦးခင်ဟန်ရယ် သုံးဦးရှိတဲ့အနက် ဦးဆန္ဒာဓိက တင်သွင်းလွှာက နည်းလည်းနည်းတယ်၊ ဘုန်းကြီးလည်းဖြစ်တယ်၊ ဒါကြောင့် ဦးဆန္ဒာဓိက၏ တင်သွင်းလွှာကို ပထမဆုံး တင်သွင်းပြီးမှ ဒကာကြီးဦးမြတ်ဆိုင်ရဲ့ အဖြေသောဓနာလွှာကို ဖတ်ခွင့်တင်သွင်းခွင့် ပေးမယ်၊ ဒီမှာ ဦးဆန္ဒာဓိကလည်းပဲ စောဒနာ(၂၁)ချက်နဲ့ မပတ်သက်တဲ့ ကိစ္စတွေကို မတင်သွင်းဖို့ရာ မလျှောက်ထားဖို့ရာ ဘုန်းကြီး သတိပေးပါတယ်၊ အကယ်၍ ပါနေလျှင်ဘုန်းကြီးတို့ တားမြစ်ရလိမ့်မည်။

ဦးဃောသိတ
သဘာပတိဆရာတော်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂)