ကာလိက လေးပါး

ကာလေ =သတ်မှတ်အပ်သော အခါ၌။ ဘုဉ္ဇိတဗ္ဗာနိ = စားထိုက်ကုန်၏-အရ ပိုင်းခြားအပ်သော သူ့ကာလအတွင်း၌ စားထိုက်သော အစာများကို ကာလိကဟု ခေါ်၏၊ ထိုကာလိကကား ယာဝကာလိက, ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကအားဖြင့် လေးမျိုးရှိ၏၊

ယာဝကာလိက

ယာဝကာလံ = မွန်းတည့်ကာလတိုင်အောင်။ ဘုဉ္ဇိတဗ္ဗံ = စားကောင်း၏ အရ အရုဏ်တက်ပြီးသည်မှ စ၍ မွန်းတည့်တိုင်အောင် စားသောက်ကောင်းသော ဘောဇဉ်ငါးပါးနှင့် ခဲဖွယ်ဆယ့်နှစ်ပါး နွားနို့စသော သောက်ဖွယ်များသည် ယာဝကာလကများ ဖြစ်ကြသည်။

ပိဋ္ဌံ မူလံ ဖလံ ခဇ္ဇံ၊ ဂေါရသော ဓညဘောဇနံ။
ယာဂုသူပပ္ပဘူတယော၊ ဟောန္တေတေ ယာဝကာလိကာ။

ပိဋ္ဌံ =အမှုန့်ခဲဖွယ်လည်းကောင်း။ မူလံ =အမြစ်ခဲဖွယ်လည်းကောင်း။ ဖလံ = အသီးခဲဖွယ်လည်းကောင်း။ ခဇ္ဇံ = မုန့်ခဲဖွယ်လည်းကောင်း။ ဂေါရသော = နို့ရည်, နို့ဓမ်း, ရက်တက်ဟူသော နွားမမှဖြစ်သော အရသာ သုံးပါးလည်းကောင်း။ ဓညဘောဇနံ = စပါးမျိုးမှဖြစ်သော ဘောဇဉ်သုံးပါး လည်းကောင်း။ ယာဂုသူပပ္ပဘူတယော = ယာဂု, ဟင်းရည်စသော သောက်ဖွယ်ကိုလည်းကောင်း။ ဣတိ = ဤသို့။ ဧတေ = ဤအာဟာရတို့သည်။ ယာဝကာလိကာ = ယာဝကာလိကတို့တည်း။

ယာဝကာလိက အသီးကြီးကိုးလုံး

၁။ ထန်းသီး၊ 
၂။ အုန်းသီး၊ 
၃။ အိမ်ပိန္နဲသီး၊ 
၄။ တောင်ပိန္နဲသီး၊ 
၅။ သခွားငဆစ်သီး၊ 
၆။ သခွားငပြုပ်သီး၊ 
၇။ သခွားငကြောင်သီး၊ 
၈။ ဗူးသီး၊ 
၉။ ဖရုံသီး၊

(ဆောင်) ထန်းအုန်း နှစ်ကွဲ၊ ပိန္နဲ နှစ်စုံ၊ ဗူး ဖရုံ၊ မှတ်တုံ သုံးသခွား။

ထို့ပြင် အသီးခဲဖွယ်၌ သရက်သီး, သပြေသီး, ဝှေးသီး, မန်ကျည်းသီး, ရှောက်သီး (ရှောက်ကြီး သံပရိုသီး), သီးသီး, တည်သီး စသည်ဖြင့် ဖော်ပြထားသည်။

ရှောက်နှင့် သံပုရာ

ရှောက်သီးကို ဟင်းလျာအဖြစ်, ဓာတ်စာအဖြစ် လက်သုတ်လုပ်စား ကြ၏၊ သံပုရာသီးကို ဟင်းလျာ, လက်သုတ် မလုပ်ကြ၊ ထို့ကြောင့် ရှောက်သီးသည် ယာဝကာလိက၊ သံပုရာသီးကား ယာဝဇီဝိကဟု သတ်မှတ်ကြသည်။

ယာဝကာလိကမှာ ဘောဇဉ်ငါးပါး, ခဲဖွယ် တစ်ဆယ့်နှစ်ပါး, စပါးမျိုးခုနစ်ပါး, ပဲအမျိုးမျိုး, ဂေါရသသုံးပါးတို့ ဖြစ်သည်။ အချုပ်မှတ်ဖွယ် လက္ခဏာမှာ ထမင်းအဖြစ် ဟင်း, ဟင်းလျာ, လက်သုတ်အဖြစ်ဖြင့် စားလေ့ရှိသော အစားအစာ၊ ခဲဖွယ်, လျက်ဖွယ်, သောက်ဖွယ်များကို ယာဝကာလိကဟု မှတ်ပါ။

(ဆောင်)ဘောဇဉ် ခဲဖွယ်၊ အသွယ်သွယ်၊ အကျယ် များလှစွာ။
အရပ်တိုင်းမှာ၊ အာဟာရကိစ္စ၊ စားရိုးကျ၊ ယာဝကာလိကာ။

ယာမကာလိက

ယာမကာလံ = နောက်ဆုံး ညဉ့်ယံတိုင်အောင်။ ပရိဘုဉ္ဇိတဗ္ဗံ =စားကောင်း၏-အရ မွန်းတည့်ပြီးနောက် အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သောက်ထိုက်သော အဖျော်ရည်များသည် ယာမကာလိကတို့တည်း။

အဖျော်ရည်လုပ်ရန် အသီးရှစ်မျိုး

၁။ သပြေသီး၊ 
၂။ သရက်သီး၊ 
၃။ မုဒရက်သီး၊ 
၄။ ဖက်သက်သီး၊ 
၅။ သစ်မည်စည်သီး၊ 
၆။ တောငှက်ပျောသီး၊ 
၇။ အိမ်ငှက်ပျောသီး၊ 
၈။ ကြာစွယ်ဟု ရှစ်မျိုး ကျမ်းဂန်၌ လာ၏၊

မုဒရက်သီးဟူသည် သပျစ်သီးတည်း၊ အောက်မြန်မာပြည် အချို့အရပ်၌ ရှိသော မြရာသီးကိုပင် ရခိုင်နယ်၌ ဖက်သက်သီးခေါ်သတဲ့၊ ပုံသဏ္ဌာန်မှာ အထက်မြန်မာပြည်တောထဲ၌ ပေါက်နေသော ပေါင်ပဲ့သီးနှင့် တူသတတ်။

(ဆောင်) သပြေ သရက်၊ မုဒရက်၊ ဖက်သက် သစ်မည်စည်။
တော, အိမ်ငှက်ပျော၊ ကြာစွယ်နှော၊ မှတ်လော ရှစ်ဖျော်ရည်။

အနုလောမဖျော်ရည်များ

(ဆောင်) သီးသီး ခံသီး၊ ကြိုးကြိမ်သီး၊ မန်ကျည်း ရှောက်တလီ။
အနုလောမ၊ ကျမ်း၌ပြ၊ မှတ်ကြ မျိုးဖျော်ရည်။

၈၇။ သာနုလောမာနိ ဓညာနိ၊ ဌပေတွာ ဖလဇော ရသော၊
မဓုကပုပ္ဖမညတြ၊ သဗ္ဗော ပုပ္ဖရသောပိ စ။
၈၈။ သဗ္ဗပတ္တရသော စေဝ၊ ဌပေတွာ ပက္ကဍာကဇံ။
သီတောဒမဒ္ဒိတောဒိစ္စပါကော ဝါ ယာမကာလိကော။

သာနုလောမာနိ = စပါးအားလျော်သော သီးကြီးကိုးလုံး, ပဲတို့နှင့်တကွ ဖြစ်ကုန်သော။ ဓညာနိ =စပါးသီးတို့ကို။ ဌပေတွာ = ချန်ထား၍။ ဖလဇော = အသီးမှဖြစ်သော။ ရသော = အရည်သည်လည်းကောင်း။ (ယာမကာလိကော၌ စပ်) မဓုကပုပ္ဖံ = သစ်မည်စည်ပွင့်ကို။ အညတြ = ကြဉ်၍။ သဗ္ဗော =အလုံးစုံသော။ ပုပ္ဖရသောပိ = အပွင့်ရည်သည်လည်းကောင်း။ ပက္ကဍာကဇံ = ကျက်သော ဟင်းရွက်မှဖြစ်သော ဟင်းရည်ကို။ (ဝါ) ဟင်းရွက်ပြုတ်ရည်ကို။ ဌပေတွာ = ချန်ထား၍။ သဗ္ဗပတ္တရသော စေဝ = အလုံးစုံအရွက်ရည်သည်လည်းကောင်း။ သီတောဒမဒ္ဒိတော = ရေအေး၌ နယ်အပ်, ဖျော်အပ်သည်။ သမာနော ဝါ =ဖြစ်သော်လည်းကောင်း။ အာဒိစ္စပါကော = နေပူ၌ ကျက်ခြင်းရှိသည်။ သမာနော ဝါ = ဖြစ်သော်လည်းကောင်း။ ယာမကာလိကော = ယာမကာလိကတည်း၊ (ဝါ) နောက်ဆုံးညဉ့်ယံကာလဟူသော သုံးဆောင်ရာ ကာလရှိသော သောက်ဖွယ်တည်း။ (ဝိ၊၃၊၃၄၄။ ဝိ၊ဋ္ဌ၊၃၊၃၈၃။)

ပြဆိုခဲ့ပြီးသော အသီးကြီးကိုးလုံး၊ အလုံးစုံသော ပဲမျိုး, စပါးမျိုးခုနစ်ပါး၊ ကြိတ်စပါးအစရှိသော အနုလောမစပါးမျိုး၊ ဤလေးမျိုးနှင့် သစ်မည်စည်ပွင့် အရည်, ဟင်းရွက်ကျက်ရည်မှန်သမျှကို နေလွဲသောအခါ သောက်မျိုရန် ဖျော်ရည်ပြုလုပ်မှု၌ ရှောင်ကြဉ်အပ်ကုန်၏၊ ကြွင်းသော အသီး, အပွင့်, အရွက်မှန်သမျှသည် အဖျော်ရည် ပြုလုပ်ကောင်း၏၊ ယင်းတို့နှင့် ပြုလုပ်ထားသော အဖျော်ရည်များသည် အပ်သောအဖျော်ရည်များ ဖြစ်၏၊

(ဆောင်) သီးကြီး ကိုးပါး၊ ပဲမျိုးများ၊ စပါး ခုနစ်မည်။
အလျော် စပါး၊ လေးမျိုးအား၊ ရှောင်ရှား အဖျော်ရည်။

(ဝိနည်းဥပဒေ၊၂၆၁။)

အဖျော်ရည် ပြုလုပ်ရာ၌ သတိရှိရန်

အဖျော်ရည်လုပ်ရာ၌ ရေစိမ်းဖြင့် ပြုလုပ်ရမည်၊ နေပူလှန်း၍သော်လည်း ပြုလုပ်နိုင်၏၊ မန်ကျည်း, ရှောက်, လိမ္မော်စသည်များကို မီးဖြင့်ချက်၍ လုပ်ထားလျှင် အမှုန်မပါသော်လည်း ယာမကာလိက မဟုတ်၊ ယာဝကာလိကသာ ဖြစ်၏၊ သို့ဖြစ်၍ ယခုအခါ မီးဖြင့်ချက်၍ ကြာရှည်ခံအောင် ပြုလုပ်ထားသော နိုင်ငံခြားဖြစ် မန်ကျည်း, ဇီး, လိမ္မော်ဖျော်ရည်, ဘိလပ်ရည် စသည်များသည် ယာမကာလိက မဟုတ်၍ အပ်သောဖျော်ရည် မဟုတ်ဟု မှတ်ပါ။

ဖျော်ရည်အကပ်ခံ သတိပြုရန်

မန်းကျည်းဖျော်ရည်စသည်၌ အသီးများကို မွန်းလွဲလျှင် အကပ်မခံကောင်းတော့ပြီ၊ သို့ဖြစ်၍ ရဟန်းတော်တို့ ဖျော်ရည်သောက်လိုသည့်အခါ မန်ကျည်းသီးစသည်ကို ကိုယ်တိုင် အကပ်ခံ၍ မစိမ်ကောင်း, စစ်လည်း မစစ်ကောင်း၊ သူတို့ဘာသာ အဖတ်အမှုန် မပါအောင် စစ်ပြီးသော ဖျော်ရည်သာ မွန်းလွဲအခါ၌ အကပ်ခံ၍ သုံးဆောင်ကောင်းသော ယာမကာလိက ဖြစ်သည်။ ထို့ကြောင့် အဖျော်ရည်များ ကပ်လာသောအခါ အဖတ်အမှုန် ပါ, မပါ အကပ်မခံမီ ကြည့်ရှု၍ အကပ်ခံသင့်သည်။

အဖျော်ရည်သောက်ခွင့်ရသော အကြောင်း

ထိုသို့စစ်ပြီးသော အဖျော်ရည်ကိုသာ နံနက်မွန်းမလွဲမီကတည်းက အကပ်ခံထားစေကာမူ ထိုနေ့အဖို့၌ နောက်ဆုံးညဉ့်၏ အရုဏ်မတက်မီတိုင်အောင် သောက်ကောင်း၏၊ သို့သော် နေလွဲအခါဖြစ်မူ အကြောင်းမဲ့သက်သက် မဆာဘဲ မသောက်ကောင်း ပိပါသ ခေါ် မွတ်သိပ်ဆာလောင်နေမှသာ အဆာပြေအောင် သောက်ကောင်းသည်။ “အဖျော်ရည်ကို သောက်ရာ၌ မွတ်သိပ်ဆာလောင်ခြင်းဟူသော ပိပါသသည်ပင် သောက်ကောင်းခြင်း၏ အကြောင်းဖြစ်သည်”ဟု ဆိုလိုသည်။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရွက်ဟူသော ပတ္တ (= အရွက်)သည် လက်ဖက်သုပ် ခါဒနီယအဖြစ်ဖြင့် စားလေ့ရှိသော ယာဝကာလိကအရွက်တည်း။ အခြောက် လှန်းသော်လည်း ရေနွေးနှင့် ဖျော်လိုက်သောအခါ လက်ဖက်စိုနှင့် မထူးပြီ၊ ထို့ကြောင့် သီတောဒမဒ္ဒိတ = ရေဖြင့် နယ်သည်လည်း မဟုတ်။ အာဒိစ္စပါက =နေဖြင့် ချက်သည်လည်း မဟုတ်။ မီးဖြင့် ကျိုချက်အပ်သော လက်ဖက်ရည်ကို ပါနကအဖြစ်ဖြင့် မအပ်ဟူ၍ မှတ်ပါ။ (ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၃၉။)

သတ္တာဟကာလိကဝတ္ထု

အကပ်ခံရာနေ့ အရုဏ်တက်မှ ခုနစ်ရက်တိုင်အောင် သိုမှီးထား၍ ဘုဉ်းပေးကောင်းသော ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ, (သကြား, ထန်းလျက်) နှင့် (ထောပတ်, ဆီ, တင်လဲ, ပျားရည် ဤလေးမျိုး ရောထားသော) စတုမဓူစသော ဆေးမျိုးသည် သတ္တာဟကာလိက ဝတ္ထုမျိုးတည်း။

၁၀၀။ သတ္တာဟကာလိကေ သတ္တ၊ အဟာနိ အတိနာမိတေ။
ပါစိတ္တိ ပါဠိနာရုဠှေ၊ သပ္ပိအာဒိမှိ ဒုက္ကဋံ။

သတ္တာဟကာလိကေ = ထောပတ်အစရှိသော သတ္တာဟကာလိကတို့ကို။ သတ္တအဟာနိ = (၇)ရက်တို့ကို။ အတိနာမိတေ =လွန်စေအပ်ပြီးသော်။ ပါစိတ္တိ =ပါစိတ်အာပတ်သည်။ (ဟောတိ = ဖြစ်၏၊)ပါဠိနာရုဠှေ = ပါဠိတော်၌ မသက်ရောက်သော။ (ဝါ) ပါဠိတော်၌ မပါသော။ သပ္ပိအာဒိမှိ = လူ မြင်း စသည်တို့၏ နို့ရည်မှဖြစ်သော ထောပတ် အစရှိသည်ကို။ သတ္တ အဟာနိ = ခုနစ်ရက်တို့ကို။ အတိနာမိတေ =လွန်စေအပ်ပြီးသော်။ ဒုက္ကဋံ = ဒုက္ကဋ် အာပတ်သည်။ ဟောတိ = ဖြစ်၏၊ (ဝိ၊၁၊၁၆၃။ ဝိ၊ဋ္ဌ၊၂၊၂၉၀။ ကင်္ခါ၊၁၈၂၊၊)

(မှတ်ချက်) ဘေသဇ္ဇသိက္ခာပုဒ်၌ “ယေသံ မံသံ ကပ္ပတိ၊ တေသံ သပ္ပိ”ဟု အပ်သော အသားရှိသော သတ္တဝါတို့၏ ထောပတ်စသည်ကိုသာ ပါဠိတော်၌ တင်တော်မူသောကြောင့် မအပ်သော အသားရှိသော လူ မြင်း စသော သတ္တဝါတို့၏ သပ္ပိ, နဝနီတ, နာဠိကေရတေလ (အုန်းဆီ) မဓုကဖာနိတ = (သစ်မည်စည်ကို ရေအေးဖြင့် နယ်၍ ပြုအပ်သော သစ်မည်စည် တင်လဲ)တို့သည် ပါဠိအနာရုဠှဆေးတို့တည်း။ ပါဠိတော်၌ မတင်အပ်သော်လည်း စားကောင်းသော သတ္တာဟကာလိကဆေးများ ဖြစ်ရကား အကပ်ခံ၍ (၇)ရက် လွန်လျှင် ဒုက္ကဋ်အာပတ် သင့်၏၊

စွန့်ပြီး၍ ပြန်ရသောအခါ အသုံးပြုပုံနှင့် အာပတ်မသင့်စေပုံ

၁၀၁။ နိဿဋ္ဌလဒ္ဓံ မက္ခေယျ၊ နာင်္ဂံ နာဇ္ဈောဟရေ စ။
ဝိကပ္ပေန္တေဿ သတ္တာဟေ၊ သာမဏေရဿဓိဋ္ဌတော။
မက္ခနာဒိဉ္စနာပတ္တိ၊ အညဿ ဒဒတောပိ စ။

(ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၅၄။)

နိဿဋ္ဌလဒ္ဓံ = စွန့်အပ်ပြီးဖြစ်၍ ပြန်ရအပ်သော ထောပတ်စသည်ကို။ (ဂဟေတွာ = ယူ၍၊) အင်္ဂံ = ကိုယ်အင်္ဂါကို။ န မက္ခေယျ = မသုတ်လိမ်းရာ။ န စ အဇ္ဈောဟရေယျ =စားမျိုလည်း မစားမျိုရာ။ သတ္တာဟေ = (၇)ရက် အတွင်း၌။ (ဝါ) ခုနစ်ရက် မလွန်မီ။ သာမဏေရဿ =သာမဏေအား။ ဝိကပ္ပေန္တဿ =ဝိကပ္ပနာပြုသော ရဟန်း၏လည်းကောင်း။ မက္ခနာဒိံ = ကိုယ်အင်္ဂါကို သုတ်လိမ်းကြောင်း ဆီအစရှိသည်ကို။ အဓိဋ္ဌတော စ = အဓိဋ္ဌာန်သော ရဟန်း၏လည်းကောင်း။ အညဿ =အခြားသော ရဟန်း သာမဏေ လူဝတ်ကြောင်အား။ ဒဒတောပိ စ = ပေးသော ရဟန်းအားလည်းကောင်း။ အနာပတ္တိ =အနာပတ်သည်၊ (ဝါ) အာပတ်မသင့်သည်။ ဟောတိ = ဖြစ်၏၊

ဝိကပ္ပနာပြုပုံ

“ဣမံ သပ္ပိံ တုယှံ ဝိကပ္ပေမိ = ဤထောပတ်ကို သင့်အား ဝိကပ္ပနာ ပြုပါ၏”ဟု ဆို၍ သာမဏေအား ဝိကပ္ပနာပြုရမည်။

ထိုသို့ ဝိကပ္ပနာပြုရာ၌ အခြားရဟန်းအား ဝိကပ္ပနာပြုလျှင် ရဟန်းအချင်းချင်းဖြစ်၍ အကပ်မပျက်ရာသောကြောင့် သာမဏေအား ဝိကပ္ပနာပြု မှ ပေးရာရောက်သည့်အတွက် အကပ်ပျက်ရာသောကြောင့် သာမဏေအား ဝိကပ္ပနာပြုသော ရဟန်းမှာ ထောပတ် စသည်တို့သည် ခုနစ်ရက် လွန်သော်လည်း နိဿဂ္ဂိမထိုက် အာပတ်မသင့်ဟု ဆိုသည်။ (၇) ရက်မလွန်မီ အဓိဋ္ဌာန် ရ၏၊

ထောပတ်ကို နယ်ဆီ, ပျားရည်ကို အနာသုတ်လိမ်းစရာ, တင်လဲကို ကျောင်း၌ အခိုးထုံဖို့ရန် အဓိဋ္ဌာန်သော ရဟန်းအား အာပတ်မသင့်။

အဓိဋ္ဌာန်ပုံ

ဤထောပတ်စသော ဆေးသည် ကိုယ်တွင်းသို့ စားမျိုရန် မဟုတ်တော့။ ကိုယ်၏ အပြင်ဘက်စသည်၌ သုံးဖို့ရာ ဖြစ်သည်ဟု စိတ်ဖြင့် အဓိဋ္ဌာန်ရမည်။ နှုတ်ဖြင့်လည်း ရွတ်ဆို၍ အဓိဋ္ဌာန်နိုင်သည်။

(ဆောင်) ထော, ဆီ, ဆီပျား၊ တင်လဲအား၊ ငါးပါး သတ္တဟာ။
ကြံရည် တင်လဲရည် သကာခဲ သကြားခဲ စသည်

အနုဇာနာမိ ဘိက္ခဝေ ဥစ္ဆုရသံ။ အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠံ အဂိလာနဿ ဂုဠောဒကံ။

“ရဟန်းတို့ ..ကြံ၏အရသာကို ခွင့်ပြုတော်မူ၏၊ ရဟန်းတို့ မကျန်းမာသူအား တင်လဲခဲကို, ကျန်းမာသူအား တင်လဲအရည်ကို ခွင့်ပြုတော်မူ၏” ဆိုသည်နှင့်အညီ အကပ်ခံ၍ ထိုနေ့မွန်းလွဲသောအခါမှ စ၍ ကြံရည်, တင်လဲရည်, သကြားခဲ, သကာခဲ, ထန်းလျက်ရည်, ထန်းလျက်ခဲ, ထန်းလျက်, တင်လဲ, ထန်းလျက်, သကာ, စသည်တို့သည် ဂိလာနပုဂ္ဂိုလ်အား ရေမရောဘဲပင် အပ်ကုန်၏၊ ကျန်းမာသူတို့အား ရေနှင့်ရော၍ အဖျော်ကိစ္စ၌ သုံးဆောင်အပ်၏၊ ထောပတ်, ပျားရည်, ဆီတို့၌လည်း ထို့အတူ ရေရော၍ ဖျော်ရည်လုပ်မှ အပ်သည်ဟု သိ။

(ဆောင်) ကြံရည်၌မူ၊ ရေစင် ကူ၊ မာသူ အပ်သည်သာ။

ယင်းသို့ဆိုသော် မီးနှင့်ချက်ထားသော အချိုရည်, ဘိလပ်ရည် စသည်တို့၌ ရေအနည်းငယ်ရောသောက်လျှင် အပ်ဖွယ်ရှိသည်။

ရေခဲထည့်သော ကြံရည်

ကြံရည်ကို ရေမရောဘဲ ရေခဲရော၍ သောက်ခြင်းသည် ကြံရည်၏ အရသာကို မပျက်ပြယ်စေဘဲ ပို၍ အရသာရှိအောင် ပြုသည်မည်ရကား ကြံရည်၌ ရေခဲကိုလည်း ထည့်၍ ပကတိရေကိုလည်း အနည်းငယ်ရော၍ သောက်အပ်ပေသည်။ (ဝိနည်းဥပဒေ၊၂၆၃။)

နိဿဂ္ဂိပါစိတ်, သုဒ္ဓပါစိတ်

ထောပတ်စသည်ကို အကပ်ခံပြီး၍ အကပ်နှင့်တကွ မိမိဥစ္စာအဖြစ်ဖြင့် ထားရာ (၇)ရက်လွန်ခဲ့လျှင် ထိုဝတ္ထုလည်း နိဿဂ္ဂိဖြစ်၏၊ မစားသည်ဖြစ်စေ လွန်လျှင်ပင် အာပတ်သင့်၏၊ သန္နိဓိကာရက သုဒ္ဓပါစိတ်အာပတ်လည်း သင့်၏၊ (၇)ရက် မလွန်မီ လူ, သာမဏေတို့အား စွန့်၊ သာမဏေအား ဝိကပ္ပနာသော်လည်းပြု အဓိဋ္ဌာန်မှုသော်လည်း ပြုရာ၏၊

(ဆောင်)အကပ်နှင့်တကွ၊ သူ့ကာလ၊ လွန်က သန္နိဓာ။

ပြန်၍သုံးစွဲခွင့် မရသော နိဿဂ္ဂိပစ္စည်းများ

နိဿဂ္ဂိပါစိတ်နှင့်စပ်၍ ဝိနည်းကံဖြင့် စွန့်ပြီးသောအခါ နိဿဂ္ဂိဖြစ်သော ထိုပစ္စည်းကို ကာယကံရှင် အာပတ်ကျူးလွန်သူတို့ သုံးစွဲခွင့် ရ, မရနှင့် စပ်၍ သိက္ခာပုဒ်အလိုက် ခွဲခြားမှတ်သားသင့်သည်။

ရွှေ, ငွေ, ဒင်္ဂါး, ပိုက်ဆံ, ငွေစက္ကူ နိဿဂ္ဂိထိုက်၍ ဝိနည်းကံဖြင့် စွန့်ပြီးသော်လည်း အာပတ်ကျူးလွန်သူ (ဝါ)အလှူခံသူ ပိုင်ရှင်ရဟန်းသည် လုံးဝ သုံးစွဲခွင့်မရ အပြီးအပိုင်စွန့်ရသည်။

အခြားနည်း သုံးစွဲခွင့်ရသော ပစ္စည်းများ

ဧဠကလောမဝဂ်လာ--- 
၁။ ပိုးချည်ရောနှော ပြုသောအခင်း၊ 
၂။ အမည်း သက်သက် သိုးမွေးအခင်း၊ 
၃။ အဖြူ, အညို, အရွှေအရောင်ရှိ သိုးမွေးနှင့် အမည်းရောင်နှစ်ဆ ပိုပြုသောအခင်း ထိုအခင်းသုံးမျိုးတို့ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသောအခါ ခင်းထိုင်, ခင်းအိပ် မပြုရ၊ တခြားသော ဗိတာန်, မျက်နှာကြက်, ကန့်လန့်ကာ, ဘုံလျှို, ခေါင်းအုံးစသည် အသုံးပြုကောင်းသည်။ ဦနပဉ္စဗန္ဓန သပိတ်၌လည်း ပတ္တပရိယန္တ စွန့်ပြီးလျှင် အယုတ်ဆုံးသပိတ်သာ သုံးစွဲခွင့်ရသည်။ (သပိတ်ခန်း၌ ကြည့်ပါ။)

အာလျပြတ်စွန့်ပြီးက ပြန်၍သုံးခွင့်ရသော ပစ္စည်းများ

ထောပတ်, ဆီ, တင်လဲ, ပျားရည်စသော ဆေးပစ္စည်းများ (၇)ရက်လွန်၍ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသောအခါ စားသောက်ခြင်း၊ အနာလိမ်းခြင်း၊ သုံးဆောင်ခြင်း မပြုရ၊ ငဲ့ကွက်ခြင်းမရှိ အပြီးအပိုင် လူ, သာမဏေတို့အား စွန့်ပြီး၍ သာမဏေတို့က နောင်တစ်ချိန် ပြန်ကပ်ပြန်လျှင် စားသောက်ခြင်း၊ သုံးဆောင်ခြင်းငှာလည်း အပ်သည်ဟူ၏၊ (ပါတိမောက္ခမေဒိနီ၊၂၁၅။)

တခြားခဲဖွယ် ဘောဇဉ်များ

တခြားစားသောက်ဖွယ်ရာ ခဲဖွယ်, ဘောဇဉ် ယာဝကာလိက အစားအစာများသည် အကပ်ခံပြီးလျှင် မွန်းမတည့်မီသာ စားသောက်ဘုဉ်းပေး ကောင်းသည်။ မွန်းလွဲသောအခါ ဘုဉ်းပေးလျှင် ဝိကာလဘောဇနသုဒ္ဓပါစိတ်၊ ကိုယ်တိုင် သိုမှီးသိမ်းဆည်းထားပြန်လျှင် သန္နိဓိသုဒ္ဓပါစိတ်၊ ယာမကာလိက အဖျော်ရည်ဖြစ်လျှင် နောက်တစ်နေ့ မရောက်မီ အရုဏ်မတက်မီ လူ, သာမဏေတို့အား အပြီးအပိုင် အာလျပြတ် စွန့်ပေးလိုက်ရသည်။ နောက်ကာလကျမှ သာမဏေတို့က ပြင်ဆင်၍ ကပ်သဖြင့် ဘုဉ်းပေးလျှင် အာပတ် မသင့်။ ထို့ကြောင့် တခြားကာလိကတို့ကိုလည်း သတ်မှတ်ထားသော အချိန် မလွန်မီ လူ, သာမဏေတို့အား အပြီးအပိုင် စွန့်လိုက်ရသည်။ လူ, သာမဏေတို့က အလိုက်သိ၍ ပြန်ကပ်လျှင် စားသောက် ဘုဉ်းပေးကောင်းသည်ဟု သိပါ။