ဝိနည်းပဒေသာသင်တန်း/ဆွမ်းနှင့်စပ်၍ မှတ်သားဖွယ်များ

3279ဝိနည်းပဒေသာသင်တန်းဆွမ်းနှင့်စပ်၍ မှတ်သားဖွယ်များဘဒ္ဒန္တကောဝိဒါဘိဝံသ သာသနာ့လင်းရောင်ကြည် (ပဲခူး)

ဆွမ်းနှင့်စပ်၍ မှတ်သားဖွယ်များ

ပိဏ္ဍပါတ =သပိတ်၌ကျတတ်သောကြောင့် ပိဏ္ဍပါတ = ဆွမ်းဟု ခေါ်သည်။

(ဆောင်)သပိတ်၌ကျ၊ ဖြစ်လေထ၊ ပိဏ္ဍပါတ ခေါ်။ (သစ်)

ပိဏ္ဍပါတအရ - ဆွမ်းသည်သာ ပိဏ္ဍပါတမည်သည် မဟုတ်၊ အာဟာရအကျိုးငှာ ခဲအပ်, လျက်အပ်, သောက်အပ်သမျှသော အမှတ်မရှိသော ခဲဖွယ် ဘောဇဉ်ဟူသမျှသည် ပိဏ္ဍပါတ မည်ပါသည်။ ဆွမ်းအစရှိသော ယာဝကာလိက ဝတ္ထုမှန်သမျှ ပိဏ္ဍပါတအရ ယူရပါသည်။

(ဆောင်) ခဲဖွယ်ဘောဇဉ်များဖြင့် အာဟာရဟူသမျှ ပိဏ္ဍပါတပါ၊ ပိဏ္ဍပါတ ထိုအရ၊ ယာဝကာလိကာ။ (သစ်)

ဘိက္ခသဒ္ဒါသည်လည်း ဆွမ်းဟူသော အနက်ကို ဟော၏၊ ဩဒန, ဘတ္တ သဒ္ဒါတို့သည် ထမင်းဟူသော အနက်ကို ယူရသည်။

ဆွမ်း, ခဲဖွယ်, ဘောဇဉ် - စပါး (၇)မျိုးမှဖြစ်သော ဆန်ကို ချက်လျှင် ထမင်းဟုခေါ်သကဲ့သို့ ထိုထမင်းကို ရဟန်းတော်တို့ အသုံးတွင် ဆွမ်းဟု ခေါ်ဆိုရသည်။

စပါး (၇) မျိုး -

၁။ သာလိ = သလေး (ကောက်ကြီး)စပါးမျိုး၊
၂။ ဝီဟိ = ကောက်လျင်, ကောက်လတ်စပါးမျိုး၊
၃။ ယဝ = မုယောစပါးမျိုး (ဝါ) အခွံကြမ်းသောဂျုံ (ဘာလီစေ့လည်း ဟူ၏၊)
၄။ ဂေါဓုမ = နတ်ကောက်စပါးမျိုး၊ (အခွံကြမ်းသော ဂျုံစပါးအကြီးမျိုး)၊
၅။ ဝရက = ပြောင်းမျိုး၊
၆။ ကုဒြုသက = လူးစပါးမျိုး၊
၇။ ကင်္ဂု = ဆပ်စပါးမျိုး စုစုပေါင်း = စပါး (၇)မျိုး ရှိ၏၊

(ဆောင်) သလေး, ကောက်လူး, နတ်, ပြောင်းဖူး, အထူး မုယော, ဆပ်။

ခဲဖွယ် (၁၂) မျိုး

၁။ မူလခါဒနီယ = အမြစ်ခဲဖွယ် (ကန်ဇွန်းဥ, စိမ်းစားဥ စသည်)
၂။ ကန္ဒခါဒနီယ = အဥခဲဖွယ် (ကြာဥ, ဝက်မြေဥ စသည်)
၃။ မုဠာလခါဒနီယ = အစွယ်ခဲဖွယ် (ကြာစွယ် စသည်)
၄။ မတ္ထကခါဒနီယ = အညှောက်ခဲဖွယ် (ကြိမ်ညှောက်, ထန်းညှောက်, မျှစ် စသည်)
၅။ ခန္ဓခါဒနီယ = ပင်စည်ခဲဖွယ် (ကြံ, ကြာရိုး စသည်)
၆။ တစခါဒနီယ = အခွံခဲဖွယ် (ကြံခွံ, ကွမ်းသီးခွံ စသည်)
၇။ ပတ္တခါဒနီယ = အရွက်ခဲဖွယ် (ဂေါ်ဖီ, ဆလတ်, မုန်လာရွက်)
၈။ ပုပ္ဖခါဒနီယ = အပွင့်ခဲဖွယ် (ဂေါ်ဖီပွင့်, မုန်လာပွင့်, သခွတ်ပွင့် စသည်)
၉။ ဖလခါဒနီယ = အသီးခဲဖွယ် (အုန်းသီး, ထန်း, တညင်း, ပိန္နဲသီး)
၁၀။ အဋ္ဌိခါဒနီယ = အစေ့ခဲဖွယ် (ကြာစေ့ ပိန္နဲစေ့ စသည်)
၁၁။ ပိဋ္ဌခါဒနီယ = အမှုန့်ခဲဖွယ် (ဆန်မှုန့် ဂျုံမှုန့် စသည်)
၁၂။ နိယျာသခါဒနီယ = အစေးခဲဖွယ် (ကြံရည် ဆေးကုလားမ စသည်)

(ဆောင်) မြစ်, ဥ, စွယ်, ညှောက်၊ ပင်, ခေါက်, ရွက်, ပွင့်၊ သီး, စေ့ဆင့်၊ မှုန့်နှင့်စေးဆယ့်နှစ်။ (ဆရာတော် ဦးဗုဓ်၊၊)

(မှတ်ချက်) ခေါက်-မှာ တစခါဒနီယ အခွံခဲဖွယ်ပင် ဖြစ်၏၊

ကြံခွံနှင့် ကြံရည် ကာလိကခွဲခြားပုံ

ကြံခွံမှာ အရည်ရှိက ယာဝကာလိက, အရည်လုံးဝမရှိက ယာဝဇီဝိက ဖြစ်သည်။ ကြံရည်၌ အဖတ်ပါက ယာဝကာလိက, အဖတ်မပါလျှင် သတ္တာဟ ကာလိက၊ ကြံရည်ကို ရေနှင့်ရောလျှင် (ဆာလောင်မွတ်သိပ်ခြင်း ပိပါသအကြောင်းရှိလျှင် သောက်ကောင်း၏ဟု ဆိုသောကြောင့်) ယာမကာလိကဟု ယူသင့်သည်။

ကြံရည်သည် ရေနှင့်ရောသည်ဖြစ်စေ, မရောသည်ဖြစ်စေ သတ္တာဟ ကာလိကဖြစ်၏ဟု ပါတိမောက္ခမေဒိနီ စာမျက်နှာ (၂၃၄)၌ ဆို၏၊

ဘောဇဉ် (၅) ပါး

၁။ ဩဒန = ထမင်း၊ 
၂။ မစ္ဆ = ငါး၊ 
၃။ မံသ = အမဲ (အသား)၊ 
၄။ ကုမ္မာသ =မုယောမုန့်၊ 
၅။ သတ္တု =မုန့်လုံး၊ ပေါင်းက ဘောဇဉ်ငါးပါး တည်း။

(ဆောင်) ထမင်း, သား, ငါး၊ မုန့်နှစ်ပါး၊ ငါးပါးဘောဇဉ်တည်း။

ပါတိမောက်လာ ဘောဇဉ်များ

၁။ အာဝသထပိဏ္ဍဘောဇဉ်၊ 
၂။ ဂဏဘောဇဉ်၊ 
၃။ ပရမ္ပရ ဘောဇဉ်၊ 
၄။ ပဏီတဘောဇဉ်ဟု ခွဲခြားမှတ်သားသင့်သေး၏၊

၁။ အာဝသထပိဏ္ဍဘောဇဉ်

ဤမည်သော ဤမျှသော ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဤမျှသော ဘောဇဉ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ဘောဇဉ် နှစ်ပါးကို မရည်စူး မပိုင်းခြားဘဲ ဇရပ်, မဏ္ဍပ်, သစ်ပင်ရင်း စသည်တို့တွင် အမှတ်မရှိ တစ်ခုခုသော အရပ်၌ ကောင်းမှုကို အလိုရှိကုန်သော သူတို့သည် ခရီးသွား, ဂိလာန, ကိုယ်ဝန်ဆောင်မိန်းမ, ရဟန်းတို့၏ အကျိုးငှာ ဝတ်တည်ထားအပ်သော ဘောဇဉ်ကို အာဝသထပိဏ္ဍဘောဇဉ်ဟု ခေါ်သည်။

၂။ ဂဏဘောဇဉ်

ဂိုဏ်းဟူသည် ဂဏဥပုသ်ဟူရာ၌ကဲ့သို့ နှစ်ပါး, သုံးပါးမဟုတ် လေးပါးမှ စ၍ အထက်ရာထောင်စသော ရဟန်းများကို ဂိုဏ်းဟုခေါ်၏၊ ထိုဂိုဏ်း၏ ဥစ္စာဖြစ်သော ဂဏဘောဇဉ်ဟူသည် ဒါယကာတို့က မအပ်သောနည်းဖြင့် ဖိတ်မန်ပင့်လျှောက်ခြင်းကြောင့်ဖြစ်စေ, ရဟန်းများကိုယ်တိုင် ဒကာ ဒကာမတို့ထံ တောင်းခြင်းကြောင့်ဖြစ်စေ ရအပ်သော ဘောဇဉ်ဖြစ်သည်။

(ဆောင်) ဂဏ အရ၊ လေးပါးမှ၊ အစ ထက်ကိုယူ။

မအပ်သော ပင့်ဖိတ်နည်း

အပင့်အဖိတ် မကျွမ်းကျင်သော ဒကာမိုက်တစ်ယောက်သည် ရဟန်းအများ တကွစုဝေး၍ဖြစ်စေ, တစ်ပါးစီဖြစ်စေ နေသော ရဟန်းလေးပါး, ငါးပါးထံ ချဉ်းကပ်၍ ဘောဇဉ်ငါးပါးတို့၏ အမည်ကိုယူကာ “ဩဒနေန နိမန္တေမိ၊ ဘတ္တေန နိမန္တေမိ” ဤသို့ စသည်ဖြင့်ဖြစ်စေ၊ ဩဒနသဒ္ဒါ ဘတ္တသဒ္ဒါတို့၏ အနက်ဖြစ်သော ထမင်းကို အလှူခံပါကုန်ဟု ထမင်းအမည်ဖြင့်ဖြစ်စေ ဖိတ်ခြင်းမျိုးကို မအပ်သော ဖိတ်ခြင်းဟု ဆိုသည်။ ဤနည်းအတိုင်း သတ္တု, ကုမ္မာသ, မစ္ဆ, မံသဟု ဆိုအပ်သော ပါဠိဘာသာဖြင့် ဖြစ်စေ၊ မုန့်လုံး, မုယော, ငါးဟင်း, အမဲသားဟင်း ဘုဉ်းပေးကြွပါဟု မြန်မာဘာသာဖြင့် ဖြစ်စေ ပင့်ဖိတ်ခြင်းမျိုးကို မအပ်သော ပင့်ဖိတ်ခြင်းဟု ဆိုသည်။

မအပ်သော တောင်းနည်း

ရဟန်းလေးပါး, ငါးပါးစသည်တို့သည် အတူတကွဖြစ်စေ, အသီးသီး ဖြစ်စေ နေ၍ ဒကာ ဒကာမကို မြင်သော် “အမှာကံ ဘတ္တံ ဒေဟိ - ငါတို့အား ထမင်းလှူကြပါ။” ဤသို့ စသည်ဖြင့် တောင်းခြင်းကို မအပ်သော တောင်းခြင်း”ဟု ဆိုသည်။ ဤနည်းအတိုင်း သတ္တု, ကုမ္မာသ, မစ္ဆ, မံသဟု ဆိုကာ ပါဠိဘာသာဖြင့်ဖြစ်စေ၊ မုန့်လုံးလှူပါ, မုယောမုန့်လှူပါ, အမဲသားဟင်းလှူပါဟု မြန်မာဘာသာဖြင့် ဖြစ်စေ တောင်းခြင်းမျိုးကို မအပ်သော တောင်းခြင်းမျိုးဟုဆိုသည်။

အာပတ်သင့်, မသင့် အဆုံးအဖြတ်

ဂဏဘောဇဉ်ဖြင့် ပင့်ဖိတ်ရာ, တောင်းရာသို့ ရဟန်းလေးပါး, ငါးပါး စသည် တစ်ပေါင်းတည်းဖြစ်စေ၊ တစ်ပါးစီ, နှစ်ပါးစီ, သုံးပါးစီဖြစ်စေ သွား၍ စားသောအခါလည်း တစ်ပေါင်းတည်းဖြစ်စေ၊ အသီးအသီး တစ်ခြားစီဖြစ်စေ၊ စားခြင်းသည် ပမာဏမဟုတ် အာပတ်မသင့်သေး၊ တစ်ဆယ့်နှစ်တောင် ဥပစာအတွင်း၌တည်၍ အတူတကွ ခံယူခြင်းသည်သာ ပမာဏလိုရင်းဖြစ်သည်။ ဂဏဘောဇဉ်ဖြစ်၍ အာပတ်သင့်သည်။

(ဆောင်) သွားစားမလို၊ ခံသည်ကို၊ ဆိုလို ပမာဏ၊

အပ်သော ပင့်ဖိတ်နည်း

အပင့်အဖိတ်ကျွမ်းကျင်သော ဒကာသည် ဘိက္ခံ ဘုဉ္ဇထ၊ ပိဏ္ဍပါတံ ဘုဉ္ဇထ-ဟု ပါဠိဘာသာဖြင့်ဖြစ်စေ, ဆွမ်းဘုဉ်းပေးကြွပါဟု မြန်မာသုံးဖြင့် ဖြစ်စေ ပင့်ဖိတ်ခြင်းမျိုးကား အပ်သော ပင့်ဖိတ်ခြင်းမျိုး ဖြစ်သည်။ ဂဏဘောဇဉ် မဖြစ်၊ မုန့်ဟင်းခါးဆွမ်း, မုန့်တီဆွမ်း, ကြာဇံကြီးဆွမ်း, ခေါက်ဆွဲဆွမ်း စသည်ဖြင့် ဆွမ်းဟူသောအမည် နောက်က တပ်၍ ဖိတ်လျှင်လည်း အပ်သော ဖိတ်ခြင်းမျိုးပင် ဖြစ်သည်။ ငါးဆွမ်း, အမဲဆွမ်း စသည်၌လည်း နည်းတူ အပ်သည်ဟုသိ၊ ဆွမ်းဟူသော စကားလုံး ထည့်သွင်းပင့်ဖိတ်ရမည် ဖြစ်သည်။

အရှင်ဘုရားများ ငါးကြော်ဘုဉ်းပေးကြွပါ၊ ငါတို့အား ငါးကြော်လှူပါ၊ ငါးခြောက်လှူပါ၊ မုန့်ဟင်းခါးစားကြွပါ။ မုန့်တီစားကြွပါ၊ မုန့်ဘုဉ်းပေးကြွပါ၊ ခေါက်ဆွဲစားကြွပါ စသည်ဖြင့် ဆွမ်းဟူသော စကားလုံး မပါဘဲ ဖိတ်ခြင်းမျိုးကို မအပ်ဟု ယူကြသည်။

၃။ ပရမ္ပရဘောဇဉ်

ဂဏဘောဇဉ်၌ ပြခဲ့သည့်အတိုင်း မအပ်သော ဖိတ်နည်းဖြင့် ဖိတ်မန်ထားသော ဘောဇဉ်ရှိလျှင် (ဖိတ်သူတစ်ဦးတည်းဖြစ်က အခြားနည်းအားဖြင့် ရသော ဆွမ်းကို မစားသေးဘဲ) ထိုသူ၏ ဘောဇဉ်ကိုသာ ပထမဆုံး စားရမည်။ စားဟူရာ၌လည်း တစ်လုတ်လောက် စားမိလျှင် စားခြင်းဖြစ်တော့၏၊

မအပ်သော နည်းဖြင့် နှစ်ဦးသုံးဦးစသည် ဖိတ်ထားလျှင်လည်း အစဉ်အတိုင်း စားရမည်။ ဂိလာနသမယ စသောအခါ ရသူလည်း မဟုတ်၊ ဝိကပ္ပနာလည်း မပြုဘဲ ရှေ့ဖိတ်ထားသူ၏ ဘောဇဉ်ကို နောက်မှ စား၊ နောက်ဖိတ် သူ၏ ဘောဇဉ်ကို အလျင်စားလျှင် အာပတ်သင့်၏၊ ပရမ္ပရဘောဇဉ် ဖြစ်သည်။

ဝိကပ္ပနာပြုပုံ

ဒုတိယဒကာ၏ ဘောဇဉ်ကို စားလိုသော် ပထမပင့်ဖိတ်သော ဒကာ၏ ဘောဇဉ်ကို မစားခင် ပထမဘောဇဉ်ကို အနီးအပါးရှိ မိမိနှစ်သက်ရာ သီတင်း သုံးဖော်ငါးဦးတို့တွင် တစ်ဦးဦးအား “မယှံ ဘတ္တပစ္စာသံ တုယှံ ဒမ္မိ”ဟု ဆို၍ ပေးရမည်။ မိမိပေးလိုသူက အဝေးမှာရှိလျှင် “မယှံ ဘတ္တပစ္စာသံ ဣတ္ထန္နာမဿ (ဤမည်သောသူအား) ဒမ္မိ”ဟု မိမိဘာသာဆို၍ ပေးပါ၊ မြန်မာလို ဆို၍လည်း ပေးနိုင်၏၊ ဤသို့ ဝိကပ္ပနာပြုလိုက်လျှင် ဒုတိယဘောဇဉ်ကို စားကောင်း၏၊ တတိယဘောဇဉ်ကို အလျင်စားလိုရာ၌လည်း ဤနည်း အတိုင်း ပထမ, ဒုတိယဘောဇဉ်များကို ဝိကပ္ပနာပြု၍ စားနိုင်၏၊

၄။ ပဏီတဘောဇဉ်

ထောပတ်စသည်နှင့် ရောအပ်သော ထောပတ်ထမင်း, ဆီဦးထမင်း, နွားနို့ထမင်း စသည်များကို ပဏီတဘောဇဉ်ဟု ခေါ်သည်။

ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ, ငါး, အသား, နို့ရည်, နို့ဓမ်း မွန်မြတ်သော ဤကိုးပါးတို့နှင့် ရောနှောသော စပါးမျိုး (၇)ပါးမှ ဖြစ်ကုန်သော ဘောဇဉ်သည် ပဏီတဘောဇဉ် မည်၏၊ ထောပတ်စသော ကိုးပါးကို ပဏီတဟုလည်းကောင်း၊ ထောပတ်စသည်တို့နှင့် ရောအပ်သော ထမင်းကို ပဏီတဘောဇဉ်ဟုလည်းကောင်း ခွဲခြားမှတ်သားပါ။

(ဆောင်) ထောပတ် စ ရော၊ ငါးပါး ဘော၊ မှတ်လော ပဏီတဘောဇဉ်တည်း။

ဂိလာန မကျန်းမာသူဖြစ်လျှင် ထိုပဏီတဘောဇဉ်များကို ရောဂါနှင့် သင့်တော်၍ ဓာတ်စာကျလတ်သော် ဉာတိပဝါရိတ မဟုတ်သူထံပင် တောင်းစားကောင်းသည် အာပတ်မသင့်ဟု သိပါ။

အာပတ်နှင့် သိက္ခာပုဒ်

သက်သက်သော ထောပတ်စသော ရှေ့ငါးပါးတို့ကို ဆေးအကျိုးငှာ အလိုရှိ၍ ဒါယကာက သတ်မှတ်ထားသော ရက်, လ, နှစ်အပိုင်းအခြား သတ်မှတ်ထားသော ဆေးထက် ပို၍ တောင်းစားအံ့၊ အစေလကဝဂ် မဟာနာမသိက္ခာပုဒ်ဖြင့် ပါစိတ်၊ ငါး စသော နောက်လေးပါးတို့ကို မနာမဖျားဘဲ တောင်းစားအံ့၊ သေခိယ သူပေါဒနဝိညတ္တိ သိက္ခာပုဒ်ဖြင့် ဒုက္ကဋ်၊ ထောပတ် စသည်နှင့်ရောသော ပဏီတဘောဇဉ်ကို မနာမဖျားဘဲ တောင်းစားအံ့၊ ဤပဏီတဘောဇနသိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ်သင့်၏၊

(ဆောင်) ထောပတ်စသား၊ ဆေးကျိုးအား၊ တောင်းစား မဟာနာမ်။
မစ္ဆာဒီနိ၊ စတ္တာရိ၊ တောင်းဘိ သူပေါဒါန်။
ပဏီတ ဘောဇန်၊ တောင်းစားပြန်၊ သင့်ရန် ဤသိက္ခံ။