ဝိနည်းဥပဒေတော်ကြီး/ကပ္ပီခြင်းငါးပါး အမြွက်

ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၄၁။ ကပ္ပီခြင်းငါးပါး အမြွက်
3344ဝိနည်းဥပဒေတော်ကြီး — ၄၁။ ကပ္ပီခြင်းငါးပါး အမြွက်အရှင်သြဘာသ

၄၁။ ကပ္ပီခြင်း ၅-ပါး အမြွက်

ပင်စည်, အမြစ်၊ အဆစ်, ညွန့်ဖျား၊ အစေ့အား၊ ငါးပါး ဗီဇဂါမ်။
ဖျက်ဆီးတုံလတ်၊ သင့် ဒုက္ကဋ်၊ ငါးရပ် လွတ်ကြောင်းဘန်။
မီး, ဓား, လက်သဲ၊ ကပ္ပီနဲ၊ နုဆဲ ပယ်နုတ်ခံ။
လူ, သာမဏေ၊ ကပ္ပီစေ၊ လွတ်လေ မျိုးသန္တာန်။

ဗီဇဂါမ် ၅-မျိုး

စိုက်လျှင် အပင်ပေါက်တတ်သော မျိုးခေါ်သော ဝတ္ထုသည် ၅-ပါး ရှိ၏၊၁။ ပင်စည်မျိုး၊ ၂။ အမြစ်မျိုး၊ ၃။ အဆစ်မျိုး၊ ၄။ အညွန့်မျိုး၊ ၅။ အစေ့အဆန်မျိုး ဤ ၅-ပါးတည်း။ ဗီဇဂါမ် ၅-ပါး ခေါ်၏၊ ထို ၅-ပါးတို့ကို အနာအကျင် ဖြစ် အောင်မျှ ပြုခြင်းငှာ မအပ်၊ ပြုခဲ့သော် ဒုက္ကဋ်အာပတ်သင့်၏၊ ထို ဒုက္ကဋ်အာပတ် မှ လွတ်ကြောင်း ၅-ရပ် ရှိ၏၊

ကပ္ပီခြင်း ၅-မျိုး

၁။ မီးဖြင့် ကပ္ပီစေခြင်း ၁-ပါး၊ ၂။ ဓားဖြင့် ကပ္ပီစေခြင်း ၁-ပါး၊ ၃။ လက်သည်းဖြင့် ကပ္ပီစေခြင်း ၁-ပါး၊ ၄။ မျိုး မရလောက်အောင် နုသေးသည် ၁-ပါး၊ ၅။ အစေ့ကို မျိုးမပျက်စေရအောင် အသီးအခြား ထုတ်နုတ် ပယ်ရှား၍ ရကောင်းသည် ၁-ပါး၊ ဤ ၅-ပါးတည်း။ ဤ ၅-ပါးတွင် နောက် ၂-ပါး၌ ဝိနည်းကံ မရှိ၊ ရှေ့ ၃-ပါး၌ကား လူ, သာမဏေကို ကပ္ပီစေရမည်။

ကပ္ပီပုံ။ ။ ကပ္ပီထိုက်သော ဗီဇဂါမ် ဝတ္ထုတို့ကို တပေါင်းတစ်စုတည်း ထိစပ်မိအောင် ထား၍ “ကပ္ပိယံ ကရောဟိ”ဟု ရဟန်းက ဆိုရာ၏၊ ထိုအခါ လူ, သာမဏေဖြစ်သူ “ကပ္ပိယံ ဘန္တေ”ဟု ဆို၍ ကပ္ပီခြင်းကို ပြုရာ၏၊

မီးနှင့်တို့လင့်၊ ပူရှိန်သင့်၊ အခွင့် လျော်လောက်တန်။

မီးဖြင့် ကပ္ပီပုံ။ ။ မီးဖြင့် ကပ္ပီရာ၌ ရဲရဲညီးသော မီးဖြင့် တစ်ခုခုသော ဗီဇဂါမ်ဝတ္ထု၌ “ကပ္ပိယံ ဘန္တေ”ဟု ဆို၍ တစ်စိတ်တစ်ဒေသ၌ တို့ရာ၏၊ တို့ရာ ဌာန၌ အပူရှိန် သင့်ခဲ့လျှင် ကပ္ပိယဝိနည်းကံမြောက်ခွင့် လျော်လောက်ပြီ။တပေါင်းတစ်စုတည်း ထိစပ်၍ တည်ရှိသမျှ အလုံးစုံသည် တောင်ပမာဏပင် ရှိသော်လည်း ကပ္ပိယ ဝတ္ထုချည်း ဖြစ်လေ၏၊

အကပ်မခံမီ လူ, သာမဏေတို့၏ လက်မှာရှိစဉ် လက်၌ မီးရှိသော လူ, သာမဏေအား “ကပ္ပီလိုက်လော့”ဟု ရဟန်းက ဆိုရာ၏၊ “ကပ္ပိယံ ဘန္တေ”ဟု လူ, သာမဏေက ဆိုဆို တို့တို့, ထိအောင် တို့ရာ၏၊

မှတ်ချက်။ ။ လူ, သာမဏေ လက်တွင် အုပ် ခွက် စသည် အတွင်း၌ ထိစပ်၍ တည်ရှိသမျှ အလုံးစုံသည် ကပ္ပီခြင်း မြောက်၏၊

ဓားဖြင့် ကပ္ပီပုံ။ ။ ဓားဖြင့် ကပ္ပီရာ၌ အသွား ထက်ခဲ့လျှင် အသွားနှင့်၊ အဦး ထက်ခဲ့လျှင် အဦးနှင့် “ကပ္ပိယံ ဘန္တေ”ဟု နှုတ်ဖြင့်လည်း ဆို၍ တစ်ပြိုင် တည်း ခုတ်မှု, ထိုးမှု, ကြိတ်နှိပ် ထိုးဖောက်မှုကိုလည်း ပြုရာ၏၊

ဓားဖြင့်ခုတ်ဟူရာ၌ အပ်ဖြင့် ထိုးခြင်းများလည်း ပါဝင်၏၊ ထိုသို့ ကပ္ပီရာ၌ သစ်သီး စသော ဝတ္ထုက ရဟန်း၏ လက်ထဲ၌ ရှိနေမှ မဟုတ်၊ တောင်ပုံရာပုံ ပုံထားသော အကပ်မခံရသေးသော သစ်သီးပုံ ကြံပုံတို့ကိုလည်း ရဟန်းက မထိ, မကိုင်ဘဲ “ကပ္ပိယံ ကရောဟိ”ဟု ဆိုလျှင် လူ, သာမဏေက တစပ်တည်း ထိစပ် နေသော သစ်သီးတစ်လုံး ကြံတစ်ချောင်းကို “ကပ္ပိယံ ဘန္တေ”ဟု ဆို၍ ခုတ်လိုက် ထိုးလိုက်လျှင် အားလုံးပင် ကပ္ပီပြီး ဖြစ်တော့၏၊ တစ်ကြိမ်ကပ္ပီပြီးသော သစ်သီး များကို (အကပ်မခံရသေးလျှင်) နောက်နောက်ရက်များ၌ပင် ထပ်၍ မကပ္ပီဘဲ အကပ်ခံ၍ စားသောက်နိုင်၏၊

လက်သည်းဖြင့် ကပ္ပီပုံ။ ။ လက်သည်းဖြင့် ကပ္ပီရာ၌ အစွန်းထက်သော လက်သည်းဖြင့် ထိုးဆိတ်ရာ၏၊

ပြတ်ရာ, ပေါက်ရာ၊ ထင်မှသာ၊ မြောက်ရာထား လက်ကံ။

အဓိပ္ပာယ်။ ။ ကံကား ကပ္ပီမှုကို ဆိုသည်၊ ဤ ဓား လက်သည်း တို့ဖြင့် ကပ္ပီမှု၌ ပိမ့်ဝင်ရုံမျှနှင့် မအပ်၊ ပေါက်ပြတ်ရာ ထင်မှ အပ်သည်။

တစ်ခုမိက၊ တောင်ရှိများစေ၊ ထိစပ်ပေ၊ မြောက်လေ ကပ္ပိယံ။ [သိသာပြီ၊]

ကပ္ပီခြင်း ၅-ပါး အမြွက် ပြီးပြီ။