ဝိနည်းဥပဒေတော်ကြီး/ဥပဇ္ဈာယ်, နိဿယည်းအမြွက်

3409ဝိနည်းဥပဒေတော်ကြီး — ၂၉။ ဥပဇ္ဈာယ်, နိဿယည်းအမြွက်အရှင်သြဘာသ

၂၉။ ဥပဇ္ဈာယ်, နိဿယည်း အမြွက်

ဥပဇ္ဈာယ်အင်္ဂါ

ဆယ်ဝါရလျှင်း၊ ဝိဘင်းနှစ်ဖြာ၊ နှုတ်တက်စွာ၊ ကမ္မာကမ္မာသိ။
ဝတ်ခန္ဓက၊ ကျေပွန်လှ၊ မြောက်ထ ဥပဇ္ဈိ။
နိဿယည်းဆရာ၊ ဥပဇ္ဈာ၊ အင်္ဂါ ထူးမရှိ။

၁။ ရဟန်းဖြစ်သည်မှ စ၍ ၁၀-ဝါ ရပြီးသည်လည်းဖြစ်စေ၊
၂။ ဘိက္ခုဝိဘင်း, ဘိက္ခုနီဝိဘင်း — ဟူသော ဥဘတောဝိဘင်းကို နှုတ်တက်ရွရွ ရဖူးသည်လည်းဖြစ်စေ၊
၃။ စူဠဝါ ကမ္မက္ခန္ဓက, ပရိဝါ ကမ္မဝဂ်တို့၌ လာသော ကံကြီးကံငယ်တို့၌ ကျေလည် တတ်သိရှိသည်လည်းဖြစ်စေ၊
၄။ ဥပဇ္ဈာယ်ဝတ် သဒ္ဓိဝိဟာရိကဝတ် အစရှိသော ခန္ဓကဝတ်တို့၌ တတ်သိ လိမ္မာရှိသည်လည်းဖြစ်စေ — ဤအင်္ဂါစုနှင့် ပြည့်စုံလျှင် ဥပဇ္ဈာယ်ဆရာ မြောက်၏၊ ဥပဇ္ဈာယ် ပေးထိုက်၏၊ နိဿယည်း ပေးထိုက်၏၊

နိဿယည်းဆရာ, ဥပဇ္ဈာယ်ဆရာ အင်္ဂါအထူး မရှိကြ၊၊ [ဝိနယသံခိပ်ကျမ်း၊] နိဿယည်းယူတပည့်, ဥပဇ္ဈာယ်ယူတပည့်ကို မဟာဝါ စူဠဝါ၌ ပညတ်သော ဝတ်ကြီး ဝတ်ငယ်၌ ကျင့်စေခြင်းငှာ မစွမ်းနိုင်သော ရဟန်း, ဥဘတောဝိဘင်း၌ အကျုံးဝင်သော သေခိယသိက္ခာပုဒ်၌ ဆုံးမခြင်းငှာ မစွမ်းနိုင်သော ရဟန်း, ရုပ်နာမ်ကို ပိုင်းခြားရာ ဖြစ်သော အချင်းချင်း ရောယှက်ခြင်း ကင်းသော သုတ် အဘိဓမ္မာ၌ ဆုံးမခြင်းငှာ မစွမ်းနိုင်သော ရဟန်း, အချင်းချင်း ရောယှက်ခြင်း ကင်းသော အလုံးစုံသော ဝိနည်း ပိဋကတ်၌ ဆုံးမခြင်းငှာ မစွမ်းနိုင်သော ရဟန်း, မှားသော အယူရှိသော တပည့်ကို ဟုတ်မှန်သော အကြောင်းအားဖြင့် စွန့်စေခြင်းငှာ မစွမ်းနိုင်သော ရဟန်းသည် သူ့ကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းမခံအပ်၊ ရှင်မပြုအပ်၊ နိဿယည်း မပေးအပ်၊ ဥပဇ္ဈာယ်ပြု၍ သာမဏေအလုပ် အကျွေးကို မခံအပ်ဟူ၍ သီလဝိသောဓနီကျမ်း၌ ဆို၏၊

ဝိနယဓရ

ဝိနယဓရ၊ ပါမောက္ခ၊ ဂဏာဓိပတိ။

ထိုအင်္ဂါစု ပြည့်စုံပေလျှင် ဝိနည်းဓိုရ်ပုဂ္ဂိုလ် မြောက်၏၊ ဝိနည်းအရာ၌ ဒိသာပါမောက္ခကြီး ဖြစ်၏၊ ဂိုဏ်းထောက်, ဂိုဏ်းအုပ်, ဂိုဏ်းချုပ် လုပ်ထိုက်၏၊ ဂဏာဓိပတိ, ဂဏာစရိယ, ဂဏပါမောက္ခ လုပ်ထိုက်၏၊

ရှင်ပြု တတန်၊ ရဟန်းခံနှင့်၊ ကံငယ်, ကံကြီး၊
ဝိနည်း အရာ၊ အဖြာဖြာ၊ သူသာ စိုးရဘိ။

အဓိပ္ပာယ်။ ။ ဆံရိတ်ခြင်း, သင်္ကန်းပေးခြင်း, သရဏဂုံ ပေးခြင်းဟူသော ရှင်ပြုမှု၊ ရဟန်းခံရာ သိမ်အပြင်၌ ဥပဇ္ဈာယ်ဆရာ ပြုလုပ်မှု၊ ဥပုသ်ပဝါရဏာ အစရှိသော ကံကြီး, ကံငယ် ဆောင်ရွက်မှု၊ ဝိနည်းနှင့်စပ်သော အဓိကရုဏ်း ဆုံးဖြတ်စီရင်မှုတို့၌ ဤသူသည်သာ အစိုးရ၏၊

ရှင်, ရဟန်းမွေး၊ ပြုစုရေး၊ လုပ်ကျွေးခံထိုက်၏၊

အဓိပ္ပာယ်။ ။ ဥပဇ္ဈာယ်ပေး၍ နိဿယည်းပေး၍ ရှင်သာမဏေ မွေး ထိုက်၏၊ ရဟန်းပဉ္စင်း မွေးထိုက်၏၊ ရဟန်း သာမဏေတို့၏ အခြံအရံမှု, ဝတ်ကြီး, ဝတ်ငယ် ပြုစုမှုကို ခံထိုက်၏၊

ဤ၌လည်း ဥဘတောဝိဘင်းကို ရစေရမည်ဟူသော ဒုတိယအင်္ဂါ၌ ဘိက္ခုနီဝိဘင်းကို အရမလိုလှပြီ၊ ကြည့်ရှုချပို့မှုပင် ပြီးသင့်ပြီ၊ ဘိက္ခုဝိဘင်းသည် သာ ယခုအခါ လိုရင်းဖြစ်တော့သည်၊ ဘိက္ခုဝိဘင်းကို တစ်ယောက်အားနှင့် ချောမောစွာ ရအောင် မတတ်နိုင်ခဲ့လျှင် သုံးယောက်စပ် ချောမောလျှင် သင့်လျော်ပြီဟု ဆိုကြ၏၊

ဝိဘင်း နှစ်စောင်ကို ပါဠိအာဂုံ မရသော်လည်း အနက်ထင်၍ အဓိပ္ပာယ် သိလျှင်ပြီး၏ဟု ဋီကာကြီးများနည်းအတိုင်းလည်း ယူကြ၏၊

ဥပဇ္ဈာယ်အင်္ဂါ, နိဿယည်းအင်္ဂါတို့နှင့်ပင် မပြည်စုံငြားသော်လည်း နိဿယ နံစောင်နှင့် ကြည့်ရှု၍ စာပေကျမ်းဂန် ချပို့နိုင်လျှင်ပင် ဓမ္မာစရိယ အနေနှင့် ရဟန်း သာမဏေ မွေးရ၏၊ ဝတ်ကြီး, ဝတ်ငယ် အပြုအစု ခံရ၏၊

အမှာ။ ။ ဥပဇ္ဈာယ်ဆရာ၌ ပြုရန်ကျင့်ဝတ်ကို ပြဆိုခြင်း၊ အတူနေ တပည့်၌ ပြုရန်ကျင့်ဝတ်ကို ပြဆိုခြင်း၊ နိဿယည်းဆရာ၌ ပြုရန်ကျင့်ဝတ်ကို ပြဆိုခြင်း၊ အနီးနေတပည့်၌ ပြုရန်ကျင့်ဝတ်ကို ပြဆိုခြင်း အခန်းတို့ကို “မဟာဝဂ် ပါဠိတော် (မြန်မာပြန်) စာမျက်နှာ ၆၀၊ ၆၆၊ ၇၆ နှင့် ၈၄”အသီးအသီးတို့၌ ရှု။

သတိ။ ။ အလဇ္ဇီရဟန်းအား မှီရာနိဿယည်းကို မပေးအပ်၊ ပေးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု ဆိုထားခြင်းကြောင့် မိမိကိုယ်တိုင် မည်သို့ပင် စင်ကြယ်စေကာမူ အလဇ္ဇီကို မွေးခြင်းအားဖြင့် မိမိသည်လည်း အလဇ္ဇီ၏ အဖြစ်သို့ ရောက်မှန်းမသိ ရောက်နေသည်ဟု သတိပြုစေလိုပါ၏၊

ဥပဇ္ဈာယ် နိဿယည်းအမြွက် ပြီးပြီ။